Politics
မြန်မာနိုင်ငံ ရန်ကုန်မြို့တွင် အာကာသပြတိုက် (ရန်ကုန်) ဖွင့်လှစ်
ရန်ကုန်၊ ဒီဇင်ဘာ ၁ ရက် (ဆင်ဟွာ)
မြန်မာနိုင်ငံ ရန်ကုန်မြို့ရှိ ပြည်သူ့ရင်ပြင်တွင် အာကာသပြတိုက် (ရန်ကုန်) ကို နိုဝင်ဘာ ၃၀ ရက်က ဖွင့်လှစ်ခဲ့ကြောင်း နိုင်ငံပိုင်မီဒီယာများက ယနေ့ (ဒီဇင်ဘာ ၁ ရက်) တွင် ထုတ်ပြန်သော သတင်းအရ သိရသည်။
အဆိုပါ အာကာသပြတိုက် (ရန်ကုန်) ဖွင့်ပွဲအခမ်းအနားကို ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ယာယီသမ္မတ၊ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်ဖွင့်လှစ်ခဲ့ပြီး ကော်မရှင်အတွင်းရေးမှူး တွဲဖက်အမှုဆောင်ချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ပြည်ထောင်စုဝန်ကြီးများ၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများ၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ အိန္ဒိယနိုင်ငံနှင့် ဘယ်လာရုစ်နိုင်ငံတို့မှ သံအမတ်ကြီးများနှင့် သံရုံးယာယီတာဝန်ခံများ၊ ရန်ကုန်မြို့တော်ဝန်၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ယင်း ဖွင့်ပွဲအခမ်းအနားတွင် နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌနှင့် အခမ်းအနားတက်ရောက်လာကြသူများသည် ပြတိုက်အတွင်းရှိ Deep Space Exploration ပြခန်း၊ Space Station ပြခန်း၊ ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ အိန္ဒိယနိုင်ငံနှင့် အမေရိကန်နိုင်ငံတို့မှ အာကာသတွင်းသို့ ခေတ်အဆက်ဆက်လွှတ်တင်ခဲ့သည့် ဒုံးပျံများနှင့် အာကာသယာဉ်ပုံစံငယ်များ၊ အာကာသတွင်း လှည့်ပတ်သွားလာလျက်ရှိသည့် ဂြိုဟ်တုပုံစံငယ်များ၊ ဒုံးပျံလွှတ်တင်ရေးစခန်းမှ ဒုံးပျံလွှတ်တင်မှုသရုပ်ပြသမှုများကို လိုက်လံကြည့်ရှုကြခဲ့ကြောင်း သိရသည်။
အာကာသပြတိုက် (ရန်ကုန်) ကို အောင်မြင်စွာဖွင့်လှစ်နိုင်ခဲ့ပြီဖြစ်သဖြင့် မိမိတို့နိုင်ငံတွင်ရှိသည့် ကျောင်းသူ/ ကျောင်းသား၊ မျိုးဆက်သစ်လူငယ်များအနေဖြင့် စာအုပ်များတွင် ဖတ်ခဲ့ရသည့်၊ ရုပ်သံများတွင် မြင်တွေ့ခဲ့ရသည့် အာကာသတွင်း စေလွှတ်မည့်ဒုံးပျံများ၊ အာကာသတွင် လှည့်ပတ်သွားလာမည့် ဂြိုဟ်တုများ၊ အာကာသတွင်း စူးစမ်းလေ့လာမည့် အာကာသယာဉ်နှင့် ယာဉ်မှူးများ၊ ဂြိုဟ်များ၊ နက္ခတ်တာရာများ အစရှိသည့် အာကာသဆိုင်ရာ ဗဟုသုတအကြောင်းအရာများကို ယခုပြတိုက်အတွင်း၌ တစ်စုတစ်စည်းတည်းစူးစမ်းလေ့လာခွင့် ရနိုင်မည်ဖြစ်ကြောင်း နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားသည်။
အာကာသပြတိုက်မှ ရရှိလာသည့် အာကာသနည်းပညာဆိုင်ရာ စိတ်ကူးစိတ်သန်းများနှင့် လှုံ့ဆော်မှုများကြောင့် မြန်မာနိုင်ငံ၏ ခေတ်မီဖွံ့ဖြိုးတိုးတက်မှုကို အကျိုးပြုနိုင်မည့် အနာဂတ်၏အာကာသယာဉ်မှူးများ၊ သိပ္ပံပညာရှင်များ၊ အင်ဂျင်နီယာများနှင့် ကဏ္ဍအလိုက်ပညာရှင်များလည်း ပေါ်ထွက်လာမည်ဟုယုံကြည်ကြောင်း ၎င်းက ဆိုသည်။
နိုင်ငံတော်အနေဖြင့် လူမှုစီးပွားဖွံ့ဖြိုးရေးကဏ္ဍများတွင် အာကာသနည်းပညာများကို ငြိမ်းချမ်းသောရည်ရွယ်ချက်ဖြင့် အသုံးချနိုင်ရေးအတွက် မြန်မာအာကာသအေဂျင်စီကို ဖွဲ့စည်းတာဝန်ပေးအပ်ခဲ့ပြီး နိုင်ငံတကာမိတ်ဖက်အဖွဲ့အစည်းများနှင့် ပူးပေါင်းကာ ရေတို/ရေရှည် စီမံကိန်းများ သတ်မှတ်ပြီး စတင်အကောင်ထည်ဖော်ဆောင်ရွက်နေပြီဖြစ်ကြောင်း၊ မိမိတို့နိုင်ငံ၏ ပညာရှင်လူငယ်များအနေဖြင့် ထိုကဲ့သို့ အာကာသနည်းပညာလှုပ်ရှားမှု အစီအစဉ်များတွင် ပါဝင်နိုင်မည့် အခွင့်အလမ်းများကိုလည်း မိတ်ဖက်အဖွဲ့အစည်းများနှင့် ပူးပေါင်းဖော်ဆောင်သွားမည်ဖြစ်ကြောင်း၊ ယင်းနေရာတွင် သာဓကတစ်ခုအနေဖြင့် စက်တင်ဘာလက ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ Open World Astronomy Olympiad (OWAO-25) ပြိုင်ပွဲသို့ ပြိုင်ပွဲဝင်လူငယ် ၆ ဦးနှင့် International Olympiad on Climate Change and Environmental Issues (IOCE-2025) ပြိုင်ပွဲသို့ ပြိုင်ပွဲဝင် လူငယ် ၅ ဦး စုစုပေါင်း လူငယ် ၁၁ ဦး ကို စေလွှတ်ယှဉ်ပြိုင်စေခဲ့ရာ သက်ဆိုင်ရာပြိုင်ပွဲများအလိုက် ထိုက်တန်စွာ ယှဉ်ပြိုင်နိုင်ခဲ့ကြပြီး အောင်မြင်မှုအသီးသီးဖြင့် ဆုတံဆိပ်များဆွတ်ခူးနိုင်ခဲ့ကြောင်း ၎င်းက ပြောသည်။
အဆိုပါအာကာသပြတိုက် (ရန်ကုန်) သည် ရန်ကုန်မြို့၊ ပြည်သူ့ရင်ပြင်တွင် တည်ရှိပြီး ယခင်နက္ခတ်တာရာပြခန်းအား ခေတ်နှင့်အညီဖြစ်စေရေးအတွက် အဆင့်မြှင့်တင်ပြန်လည်မွမ်းမံခြင်း လုပ်ငန်းများကို ဆောင်ရွက်၍ အာကာသပြတိုက် (ရန်ကုန်) အဖြစ်ဖွင့်လှစ်ခဲ့ခြင်းဖြစ်ကြောင်း၊ ပြတိုက်အတွင်း Deep Space Exploration ပြခန်း၊ Space Station ပြခန်းနှင့် အာကာသတွင်း စေလွှတ်ခဲ့သည့် ဒုံးပျံများ၊ အာကာသတွင် လှည့်ပတ်သွားလာလျက်ရှိသည့် ဂြိုဟ်တုများ၊ အာကာသတွင်း စူးစမ်းလေ့လာသည့် အာကာသယာဉ်နှင့် ယာဉ်မှူးများ၊ ဂြိုဟ်များ၊ နက္ခတ်တာရာများ အစရှိသည့် အာကာသဆိုင်ရာများအား ကြည့်ရှုလေ့လာနိုင်မည်ဖြစ်ကြောင်း သိရသည်။ (Xinhua)


