Connect with us

Economy

မြန်မာ-တရုတ် စွမ်းအင်လမ်းကြောင်း စိမ်းလန်းစိုပြည်ရေး ရေနံချောင်းခွဲဝေရေးစခန်း ဆိုလာစနစ်က အားဖြည့်ပေး

ရန်ကုန် ၊ ဒီဇင်ဘာ ၂၉ ရက်

မြန်မာ-တရုတ် ရေနံနှင့် သဘာဝဓာတ်ငွေ့ပိုက်လိုင်းစီမံကိန်း၏ ရေနံချောင်းခွဲဝေရေးစခန်း (Renanchoung Off-take Station) ရှိ ဆိုလာလျှပ်စစ်စနစ်သည် ဘေးကင်းလုံခြုံပြီး ထိရောက်စွာ လည်ပတ်နိုင်ခဲ့သည်မှာ မကြာသေးမီက တစ်နှစ်ပြည့်မြောက်ခဲ့ခြင်းနှင့်အတူ တရုတ်အမျိုးသား ရေနံကော်ပိုရေးရှင်း (CNPC) ၏ ပထမဆုံး ပြည်ပ “ကာဗွန်ထုတ်လွှတ်မှု ကင်းစင်ရေး” (Zero-Carbon) စီမံကိန်း အောင်မြင်စွာ အကောင်အထည်ဖော်နိုင်ခဲ့ပြီ ဖြစ်ကြောင်း မြန်မာ-တရုတ် ရေနံနှင့် သဘာဝဓာတ်ငွေ့ပိုက်လိုင်းကုမ္ပဏီထံမှ သိရသည်။

CNPC ၏ ပထမဆုံးသော ပြည်ပကာဗွန်ထုတ်လွှတ်မှုကင်းစင်ရေး စံပြစီမံကိန်းအနေဖြင့် ယင်းစနစ်သည် စုစုပေါင်းလျှပ်စစ်ဓာတ်အား ၃၀၇ မက်ဂါဝပ်နာရီထုတ်လုပ်ပေးနိုင်ခဲ့ပြီး ကာဗွန်ဒိုင်အောက်ဆိုဒ် ထုတ်လွှတ်မှုကို ၁၄၆ တန် လျှော့ချပေးနိုင်ခဲ့ကာ သစ်ပင် ၁၉၉ ပင် စိုက်ပျိုးခြင်းနှင့် ညီမျှသည့် အကျိုးကျေးဇူးကို ရရှိစေခဲ့ကြောင်း သိရသည်။

ရေနံချောင်းခွဲဝေမှုစခန်းသည် မြန်မာနိုင်ငံ ရေနံချောင်းဒေသတွင် တည်ရှိပြီး ထိုဒေသသည် လျှပ်စစ်အခြေခံအဆောက်အအုံ အားနည်းခြင်း၊ လျှပ်စစ်ဓာတ်အား မတည်ငြိမ်ခြင်းတို့အပြင် ရှုပ်ထွေးသော လူမှုလုံခြုံရေးအခြေအနေများကြောင့် မကြာခဏ လျှပ်စစ်ပြတ်တောက်ခြင်းနှင့် ဗို့အားမငြိမ်ခြင်းတို့ကို ရေရှည်ရင်ဆိုင်ခဲ့ရပြီး ရေနံနှင့် ဓာတ်ငွေ့ပိုက်လိုင်းများ ဘေးကင်းစွာ လည်ပတ်မှုကို ထိခိုက်စေခဲ့ကြောင်း သိရသည်။

အဆိုပါစနစ်၏ အထူးခြားဆုံး နည်းပညာမှာ ဆိုလာစွမ်းအင်နှင့် လျှပ်စစ်ဓာတ်အားလိုင်းကြား အနှောင့်အယှက်ကင်းစွာ အလိုအလျောက် အကူးအပြောင်းလုပ်နိုင်ခြင်းဖြစ်သည်။ ဆိုလာ၏ အမြင့်ဆုံးထုတ်လုပ်နိုင်စွမ်းမှာ ၂၇၂ ကီလိုဝပ်(272 kW) ရှိပြီး လျှပ်စစ်ပေးဝေမှု ဦးစားပေးစနစ်ကို အကောင်းဆုံးဖြစ်အောင် ပြုပြင်ထားခြင်းကြောင့် စိမ်းလန်းစွမ်းအင်ကို အပြည့်အဝ အသုံးချနိုင်ခဲ့ကာ လွန်ခဲ့သော တစ်နှစ်အတွင်း လျှပ်စစ်ပြတ်တောက်မှု လုံးဝမရှိဘဲ မြန်မာ-တရုတ် ရေနံနှင့် သဘာဝဓာတ်ငွေ့ပိုက်လိုင်းဟူသော နိုင်ငံတော်မဟာဗျူဟာမြောက် စွမ်းအင်လမ်းကြောင်းကို တည်ငြိမ်စွာ လည်ပတ်နိုင်ရန် အာမခံချက် ပေးနိုင်ခဲ့ကြောင်း သိရသည်။

 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.