Connect with us

Culture

တရုတ်ပြည်သူ့ သမ္မတနိုင်ငံထူထောင်ခြင်း (၇၆) နှစ်ပြည့်နှင့် တရုတ်-မြန်မာ သံတမန်ဆက်ဆံရေး ထူထောင်ခြင်း (၇၅) နှစ်ပြည့် ဂုဏ်ပြုခြင်း အထိမ်းအမှတ် အနုပညာဖျော်ဖြေရေးပွဲ မြန်မာနိုင်ငံတွင် ကျင်းပ

မြန်မာနိုင်ငံ ရန်ကုန်မြို့ အမျိုးသားဇာတ်ရုံတွင် စက်တင်ဘာ ၂၀ ရက် ညနေပိုင်းက ပြုလုပ်ခဲ့သည့် တရုတ်ပြည်သူ့ သမ္မတနိုင်ငံထူထောင်ခြင်း (၇၆) နှစ်ပြည့်နှင့် တရုတ်-မြန်မာ သံတမန်ဆက်ဆံရေး ထူထောင်ခြင်း (၇၅) နှစ်ပြည့် ဂုဏ်ပြုခြင်း အထိမ်းအမှတ် အနုပညာဖျော်ဖြေရေးပွဲမြင်ကွင်းများ (ဆင်ဟွာ)

ရန်ကုန်၊ စက်တင်ဘာ ၂၂ ရက် (ဆင်ဟွာ)

တရုတ်ပြည်သူ့ သမ္မတနိုင်ငံထူထောင်ခြင်း (၇၆) နှစ်ပြည့်နှင့် တရုတ်-မြန်မာ သံတမန်ဆက်ဆံရေး ထူထောင်ခြင်း (၇၅) နှစ်ပြည့် ဂုဏ်ပြုခြင်း အထိမ်းအမှတ် အနုပညာဖျော်ဖြေရေးပွဲကို စက်တင်ဘာ ၂၀ ရက် ညနေပိုင်းက မြန်မာနိုင်ငံ ရန်ကုန်မြို့ အမျိုးသားဇာတ်ရုံတွင် ကျင်းပခဲ့ကြောင်း သိရသည်။

ယင်းဖျော်ဖြေပွဲကို မြန်မာနိုင်ငံဆိုင်ရာတရုတ်သံရုံး၊ မြန်မာနိုင်ငံ နိုင်ငံခြားရေးရာဝန်ကြီးဌာန၊ သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန၊ တရုတ်နိုင်ငံ ကျဲ့ကျန်းပြည်နယ် ယဉ်ကျေးမှု၊ ရုပ်မြင်သံကြားနှင့် ခရီးသွားလာရေးဦးစီးဌာန၊ တရုတ်နိုင်ငံ ကျဲ့ ကျန်းပြည်နယ်၊ ဝူအော်ပရာ အနုပညာ သုတေသနအဖွဲ့ (ကျဲ့ကျန်း ဝူအော်ပရာအဖွဲ့) အပါအဝင် သက်ဆိုင်ရာ အဖွဲ့အစည်းများမှ ကူညီခဲ့ကြောင်း သိရသည်။

အနုပညာဖျော်ဖြေပွဲ အခမ်းအနားတွင် တရုတ်ယဉ်ကျေးမှုကို ပြသသည့် ဝူအော်ပရာ “လွီပုမြင်းကို စမ်းသပ်စီးနင်းခြင်း”၊ “နတ်သမီး ပန်းများဖြန့်ကြဲခြင်း”၊ “ လမ်းသုံးသွယ်”၊ “အရိုးဖြူဘီလူးမအား သုံးကြိမ်ရိုက်နှက်ခြင်း” စသည့် အစီစဉ်များပါဝင်ကြောင်း၊ မြန်မာ့အနုပညာရှင်များကလည်း ဂန္ထဝင်ဇာတ်တော်ကြီး “ရာမယဏ” ဇာတ်တော်ကြီးမှ အစိတ်အပိုင်းနှစ်ခုဖြစ်သည့် ရာမမင်းသား သမင်လိုက်ခန်းနှင့် သီတာမင်းသမီးက ဒဿဂီရိဘီလူး၏ အချစ်ကို ငြင်းပယ်ခြင်း ဇာတ်တော်များကို တင်ဆက်ခဲ့ကြောင်း သိရသည်။

တရုတ်-မြန်မာ နှစ်နိုင်ငံသည် ရှေးအကျဆုံးယဉ်ကျေးမှုအမွေအနှစ်များ ပိုင်ဆိုင်ထားသော နိုင်ငံများဖြစ်ပြီး နှစ်နိုင်ငံ၏ ဇာတ်သဘင်အနုပညာသည် သမိုင်းသက်တမ်းအားဖြင့် ရှည်ကြာနေပြီဖြစ်ကြောင်း၊ ဇာတ်သဘင်အနုပညာသည် နိုင်ငံတစ်နိုင်ငံ၏ တန်ဖိုးကြီး စိတ်ဓာတ်ရေးရာ ရတနာသိုက်တစ်ခုဖြစ်ပြီး လူသားအားလုံး၏ ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်ဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး Ms.Ma Jiaက ပြောသည်။

ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးမောင်မောင်အုန်းက ကမ္ဘာ့နိုင်ငံတိုင်းအားလုံးလိုလိုက ယဥ်ကျေးမှုရေးရာ သံခင်းတမန်ခင်းများကို မိမိတို့၏ကိုယ်ပိုင်နည်းလမ်းများဖြင့် ဖော် ထုတ်မိတ်ဆက်နေကြပြီး နိုင်ငံအချင်းချင်းချစ်ကြည်ရေး တည်တံ့ခိုင်မြဲစေရန် မိမိတို့၏ ကိုယ်ပိုင်ယဥ်ကျေးမှု စရိုက်လက္ခဏာများကို အခြားနိုင်ငံများနှင့်မတူညီဘဲ လူမှုအဖွဲ့အစည်းများက လေးစားတန်ဖိုးထားလာကြစေရန် ကြိုးပမ်းဆောင်ရွက်နေကြောင်းဆိုသည်။

အဆိုပါ အခမ်းအနားကို မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး Ms.Ma Jia၊ မြန်မာနိုင်ငံ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ဝန်ကြီး ဦးတင်ဦးလွင်၊ ပညာရေးဝန်ကြီးဌာန ဝန်ကြီး ဒေါက်တာချောချောစိန်၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးစိုးသိန်း၊ နိုင်ငံပေါင်းစုံမှ သံတမန်များနှင့် နယ်ပယ်ပေါင်းစုံမှ တာဝန်ရှိသူများအပါအဝင် လူ ၂,၀၀၀ ကျော် တက်ရောက်ခဲ့ကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.