Connect with us

Politics

လန်ချန်း-မဲခေါင် စွမ်းအင်အကျိုးရှိထိရောက်စွာသုံးစွဲရေးသင်တန်း ဖွင့်လှစ်ပွဲအခမ်းအနား ကျင်းပ

မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးမှ သံမှူးကြီး Dr. Zheng Zhihong က လန်ချန်း-မဲခေါင် စွမ်းအင်အကျိုးရှိထိရောက်စွာသုံးစွဲရေးသင်တန်း ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်မိန့်ခွန်းပြောကြားစဉ် (ဆင်ဟွာ)

ရန်ကုန်၊ စက်တင်ဘာ ၂၆ ရက် (ဆင်ဟွာ)

လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှု အထူးရန်ပုံငွေဖြင့် ပံ့ပိုးကူညီသော “မြန်မာနိုင်ငံ စားသောက်ကုန်လုပ်ငန်းကဏ္ဍတွင် စွမ်းအင်အကျိုးရှိထိရောက်စွာသုံးစွဲရေး ရှေ့ပြေးစီမံကိန်း” စွမ်းအင်စီမံခန့်ခွဲမှုသင်တန်း ဖွင့်ပွဲအခမ်းအနားကို မြန်မာနိုင်ငံ ရန်ကုန်မြို့ရှိ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ် (UMFCCI) ၌ ယနေ့ (စက်တင်ဘာ ၂၅ ရက်) တွင် ကျင်းပခဲ့ကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးက ထုတ်ပြန်သော သတင်းအရ သိရသည်။

အဆိုပါ အခမ်းအနားသို့ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးမှ သံမှူးကြီး Dr. Zheng Zhihong တက်ရောက်ခဲ့ကြောင်း၊ ယင်းအခမ်းအနားတွင် မြန်မာနိုင်ငံ စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းက ဗီဒီယိုမှတစ်ဆင့် အမှာစကားပြောကြားခဲ့ပြီး စက်မှုပူးပေါင်းဆောင်ရွက်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမြဦး၊ စားသောက်ကုန်ထုတ်လုပ်ရေးလုပ်ငန်း ကိုယ်စားလှယ်များ အပါအဝင် လူဦးရေစုစုပေါင်း တစ်ရာခန့် တက်ရောက်ခဲ့ကြကြောင်း သိရသည်။

တရုတ်နိုင်ငံသည် မြန်မာနိုင်ငံနှင့်အတူ တရုတ်နိုင်ငံ၏ စွမ်းအင်ချွေတာရေးနှင့် ထိရောက်မှုမြှင့်တင်ရေး အတွေ့အကြုံများကိုမျှဝေလိုကြောင်း၊ စိမ်းလန်းသော၊ ကာဗွန်ထုတ်လွှတ်မှုနည်းပါးသော၊ ရေရှည်တည်တံ့သောစီးပွားရေးနှင့် လူမှုဖွံ့ဖြိုးရေး လမ်းကြောင်းကို အတူတကွလျှောက်လှမ်းကာ တရုတ်-မြန်မာ အေးအတူပူအမျှ အသိုက်အဝန်းတည်ဆောက်ခြင်းကို တည်ငြိမ်စွာရေရှည်တည်တံ့စေရန် တွန်းအားပေးသွားမည်ဖြစ်ကြောင်း သံမှူးကြီး Dr. Zheng Zhihong ပြောကြားသည်။

လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှု အထူးရန်ပုံငွေ၏ ပံ့ပိုးမှုအတွက် အထူးကျေးဇူးတင်ပါကြောင်း၊ သက်ဆိုင်ရာစီမံကိန်းများသည် မြန်မာနိုင်ငံ၏ လိုအပ်ချက်များနှင့် အလွန်ကိုက်ညီကြောင်း၊ မြန်မာ့စက်မှုလုပ်ငန်းများ၏ စိမ်းလန်းသောဖွံ့ဖြိုးတိုးတက်မှုကို ဖော်ဆောင်ရာ၌ အထောက်အကူပြုကြောင်း ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းက ဆိုသည်။

ယင်းသင်တန်းသည် နှစ်ရက်ကြာ ဆက်လက်ကျင်းပသွားမည်ဖြစ်ပြီး Chinese Association of Refrigeration (CAR) မှ ကျွမ်းကျင်ပညာရှင်များ ပါဝင်သင်ကြားပို့ချ ပေးမည်ဖြစ်ကြောင်း သိရသည်။(Xinhua)

 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.