Politics
(လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှု) သံမှူးကြီး Dr. Zheng Zhihong မှ လန်ချန်း-မဲခေါင် ဆိုလာစံချိန်စံညွှန်းသတ်မှတ်ခြင်း စီမံကိန်းစတင်ခြင်းအခမ်းအနားသို့တက်ရောက်
လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှု ပထမဆုံးအကြိမ် နိုင်ငံ့ခေါင်းဆောင် အစည်းအဝေးကျင်းပခဲ့သည့် (၁၀) နှစ်ပြည့်အခါသမယတွင်၊ လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှုအထူးရန်ပုံငွေဖြင့် ပံ့ပိုးကူညီသည့် “Establishing Myanmar’s Solar PV Industry Technical Standards and Solar PV Testing Center” စီမံကိန်းစတင်ခြင်းအခမ်းအနားနှင့် ဆိုလာလုပ်ငန်း စံချိန်စံညွှန်းသတ်မှတ်ခြင်း အလုပ်ရုံဆွေးနွေးပွဲကို မတ်လ ၄ ရက်နေ့တွင် နေပြည်တော်၌ ကျင်းပခဲ့သည်။ အခမ်းအနားသို့ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးမှ သံမှူးကြီး Dr. Zheng Zhihong ၊ မြန်မာနိုင်ငံ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျ၊ နိုင်ငံခြားရေးဝန်ကြီးဌာန အပြည်ပြည်ဆိုင်ရာအဖွဲ့အစည်းများနှင့် စီးပွားရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု ညှိနှိုင်းကွပ်ကဲ ရေးအဖွဲ့ ဒုတိယဥက္ကဋ္ဌ ဦးအောင်ကျော်မိုး၊ သက်ဆိုင်ရာ အစိုးရအရာရှိများ၊ နိုင်ငံတကာ ကျွမ်းကျင်ပညာရှင်များအပါအဝင် ဧည့်သည်တော်ပေါင်း ၁၀၀ နီးပါး တက်ရောက်ခဲ့ ကြသည်။
အခမ်းအနားတွင် သံမှူးကြီး Dr. Zheng Zhihong မှ အမှာစကားပြောကြားရာ၌ တရုတ်နိုင်ငံသည် ကမ္ဘာ့ပြည့်စုံမှုအကောင်းဆုံးဆိုလာစက်မှုလုပ်ငန်းဂေဟစနစ်ကို တည်ဆောက်ပြီးမြောက်ထားပါကြောင်း၊ မြန်မာနိုင်ငံ အပါအဝင် လန်ချန်း-မဲခေါင် မိတ်ဖက်နိုင်ငံများနှင့်အတူ ဆိုလာလုပ်ငန်း အရည်အသွေးမြင့်ဖွံ့ဖြိုးတိုးတက်ရေးကို တွန်းအားပေးဆောင်ရွက်လိုကြောင်း၊ စွမ်းအင်သစ်ကဏ္ဍတွင် အကျိုးတူပူးပေါင်း ဆောင်ရွက်မှုများကို တက်ကြွစွာချဲ့ထွင်လိုပါကြောင်း ပြောကြားခဲ့သည်။
မြန်မာနိုင်ငံအနေဖြင့်လည်း တရုတ်နိုင်ငံ၏ ပံ့ပိုးကူညီမှုများအတွက် ကျေးဇူးတင် ပါကြောင်း၊ ၎င်းစီမံကိန်းသည် မြန်မာနိုင်ငံတွင် ဆိုလာထုတ်ကုန်များ၏ ဘေးကင်းလုံခြုံမှုကို အာမခံနိုင်ရန်၊ ဆိုလာလုပ်ငန်း ဖွံ့ဖြိုးတိုးတက်မှုကို အရှိန်မြှင့်တင်နိုင်ရန်၊ စွမ်းအင်လွတ်လပ်မှုရရှိရန်နှင့် ရေရှည်တည်တံ့သော ဖွံ့ဖြိုးတိုးတက်ရေးကို အကောင်အထည်ဖော်နိုင်ရန် ကူညီပေးမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

