Politics
မြန်မာနိုင်ငံတွင် လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှု (၁၀) နှစ်ပြည့် အထိမ်းအမှတ် အခမ်းအနား ကျင်းပ
နေပြည်တော်၊ မတ် ၆ ရက် (ဆင်ဟွာ)
မြန်မာနိုင်ငံတွင် လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှု (၁၀) နှစ်ပြည့် အထိမ်းအမှတ် အခမ်းအနားကို မတ် ၅ ရက်တွင် နေပြည်တော်၌ ကျင်းပခဲ့ပြီး လွန်ခဲ့သည့်ဆယ်စုနှစ်အတွင်း ဒေသတွင်း ပူးပေါင်းဆောင်ရွက်များမှ ရရှိခဲ့သော အောင်မြင်မှုများကို ပြန်လည်မီးမောင်းထိုးပြခဲ့ကြောင်း သိရသည်။
အဆိုပါ အခမ်းအနား၌ မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီး မစ္စမာကျားနှင့် မြန်မာနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေတို့က မိန့်ခွန်းများ ပြောကြားခဲ့သည်။
ယင်း အခမ်းအနားတွင် မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး မစ္စမာကျားက လွန်ခဲ့သည့် ဆယ်စုနှစ်အတွင်း လန်ချန်း-မဲခေါင် (၆) နိုင်ငံသည် အေးအတူ ပူအမျှအသိုက်အဝန်းတစ်ခု တည်ဆောက်ရာတွင် ခိုင်မာသော တိုးတက်မှုကို ရရှိခဲ့ပြီး ဒေသတွင်း ဖွံ့ဖြိုးတိုးတက်မှုနှင့် ဘုံကြွယ်ဝမှုအတွက် သိသာထင်ရှားသော အကျိုးပြုမှု ဖော်ဆောင်ခဲ့ကြောင်း ပြောကြားသည်။
လန်ချန်း-မဲခေါင် (၆) နိုင်ငံသည် နိုင်ငံတကာ အကျပ်အတည်းနှင့် ရင်ဆိုင်ရသည့်အခါ ဒေသတွင်း ငြိမ်းချမ်းရေးနှင့် ၎င်းတို့၏ ပြည်သူများ၏ ကောင်းကျိုးကို ဦးစားပေးသင့်ပြီး “လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှု ၂.၀” ကို မြှင့်တင်ရန်နှင့် ပိုမိုကောင်းမွန်သော အနာဂတ်တစ်ခု တည်ဆောက်ရန် အတူတကွ လုပ်ဆောင်သင့်ကြောင်း ၎င်းက ဆိုသည်။
နိုင်ငံ (၆) နိုင်ငံခေါင်းဆောင်များ၏ ဦးဆောင်မှုအောက်တွင် လန်ချန်း-မဲခေါင်ပူးပေါင်းဆောင်ရွက်မှုသည် နယ်ပယ်အသီးသီးတွင် အသီးအပွင့်များစွာရရှိပြီး မဲခေါင်မြစ်ဝှမ်းဒေသတွင် အောင်မြင်မှုအရှိဆုံးပူးပေါင်းဆောင်ရွက်မှုယန္တရားတစ်ခုအဖြစ် ကြီးထွားလာခဲ့ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေက ပြောကြားသည်။
တရုတ်နိုင်ငံ၏ ပံ့ပိုးမှုအတွက် ကျေးဇူးတင်ကြောင်း၊ အနာဂတ်တွင် လန်ချန်း-မဲခေါင်ပူးပေါင်းဆောင်ရွက်မှုအတွက် ပိုမိုကြီးမားသော အောင်မြင်မှုများရရှိမည်ဟု မျှော်လင့်ကြောင်း ၎င်းက ပြောကြားခဲ့သည်။
အဆိုပါ (၁၀) နှစ်ပြည့် အခမ်းအနားတွင် လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှု အထူးရန်ပုံငွေဖြင့် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့သည့် စီမံကိန်းများဆိုင်ရာ မှတ်တမ်းဓာတ်ပုံပြပွဲကိုလည်း ခင်းကျင်းပြသခဲ့သည်။
မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှုသည် ၂၀၁၆ ခုနှစ်တွင် ဒေသတွင်း ရေရှည်တည်တံ့ခိုင်မြဲပြီး အားလုံးပါဝင်နိုင်သော ဖွံ့ဖြိုးတိုးတက်မှုအတွက် ပူးပေါင်းဆောင်ရွက်ရန် ရည်ရွယ်၍ ကမ္ဘောဒီးယား၊ တရုတ်၊ လာအို၊ မြန်မာ၊ ထိုင်းနှင့် ဗီယက်နမ်နိုင်ငံ စသည့်ခြောက်နိုင်ငံတို့ဖြင့် ဖွဲ့စည်းခဲ့သည့် ဒေသခွဲဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု ယန္တရားတစ်ခုဖြစ်သည်။ (Xinhua)









