Connect with us

Politics

၆၆ နှစ်မြောက် တရုတ် ပြည်သူ့သမ္မတနိုင်ငံ ထူထောင်ခြင်း ဂုဏ်ပြု အခမ်းအနား နေပြည်တော်၌ ပထမဆုံး အကြိမ် ကျင်းပ

မြန်မာနိုင်ငံ ဒုတိယ သမ္မတ ဒေါက်တာ စိုင်းမောက်ခမ်းနှင့် မြန်မာနိုင်ငံ ဆိုင်ရာ တရုတ် သံအမတ်ကြီး မစ္စတာ ဟုန်လျန် တို့အား နေပြည်တော်၌ ကျင်းပသော ၆၆ နှစ်မြောက် တရုတ် ပြည်သူ့ သမ္မတနိုင်ငံ ထူထောင်ခြင်း ဂုဏ်ပြု အခမ်းအနား၌ တွေ့ရစဉ် (ဆင်ဟွာ)

နေပြည်တော် ၊ စက်တင်ဘာ ၂၄ ရက် (ဆင်ဟွာ)

၆၆ နှစ်မြောက် တရုတ် ပြည်သူ့သမ္မတနိုင်ငံ ထူထောင်ခြင်း ဂုဏ်ပြု အခမ်းအနားကို မြန်မာနိုင်ငံ ဆိုင်ရာ တရုတ် သံရုံးမှ ပြည်ထောင်စု နယ်မြေ ဖြစ်သည့် နေပြည်တော်တွင် ပထမဆုံး အကြိမ်အဖြစ် မြန်မာ အပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းစင်တာ (MICC) ၌ ယနေ့စက်တင်ဘာ ၂၄ ရက်တွင် ကျင်းပ ပြုလုပ်ခဲ့သည်။

အဆိုပါ အခမ်းအနားသည် ၂၀၁၅ ခုနှစ် အောက်တိုဘာလ ၁ ရက်နေ့ တွင် ကျရောက်မည့် တရုတ် ပြည်သူ့သမ္မတနိုင်ငံ ထူထောင်ခြင်း ၆၆ နှစ် ပြည့်မြောက်ခြင်းအား ဂုဏ်ပြုသည့် အခမ်းအနား ဖြစ်သည်။ ထိုအခမ်းအနားသို့ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံ ဒုတိယ သမ္မတ ဒေါက်တာ စိုင်းမောက်ခမ်းနှင့် မြန်မာနိုင်ငံ ဆိုင်ရာ တရုတ် သံအမတ်ကြီး မစ္စတာ ဟုန်လျန်တို့အပါအဝင် အစိုးရ ၊ လွှတ်တော် ၊ ဌာနဆိုင်ရာနှင့် စစ်ဘက်ဆိုင်ရာ စသည့် ကဏ္ဍ အသီးသီး မှ တာဝန်ရှိသူများ ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များ ပါဝင် တက်ရောက်ခဲ့ ကြသည်။

အခမ်းအနားတွင် ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံ ဒုတိယ သမ္မတ ဒေါက်တာ စိုင်းမောက်ခမ်းက ၆၆ နှစ်မြောက် တရုတ် ပြည်သူ့သမ္မတနိုင်ငံ ထူထောင်ခြင်း နှင့် ပတ်သက်၍ ဂုဏ်ပြုစကား ပြောကြားခဲ့ပြီး မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး မစ္စတာ ဟုန်လျန်ကလည်း ကြိုဆိုဂုဏ်ပြုစကားများ အသီးသီး ပြောကြားခဲ့ကြသည်။

မြန်မာနိုင်ငံ ဒုတိယ သမ္မတ ဒေါက်တာ စိုင်းမောက်ခမ်း နေပြည်တော်၌ ကျင်းပသော ၆၆ နှစ်မြောက် တရုတ် ပြည်သူ့သမ္မတနိုင်ငံ ထူထောင်ခြင်း ဂုဏ်ပြု အခမ်းအနား၌ ဂုဏ်ပြုမိန့်ခွန်း ပြောကြားနေစဉ် (ဆင်ဟွာ)

မြန်မာနိုင်ငံ ဆိုင်ရာ တရုတ် သံအမတ်ကြီး မစ္စတာ ဟုန်လျန် နေပြည်တော်၌ ကျင်းပသော ၆၆ နှစ်မြောက် တရုတ် ပြည်သူ့သမ္မတနိုင်ငံ ထူထောင်ခြင်း ဂုဏ်ပြု အခမ်းအနား၌ မိန့်ခွန်းပြောကြားနေစဉ် (ဆင်ဟွာ)

နေပြည်တော်၌ ကျင်းပသော ၆၆ နှစ်မြောက် တရုတ် ပြည်သူ့သမ္မတနိုင်ငံ ထူထောင်ခြင်း ဂုဏ်ပြု အခမ်းအနားမြင်ကွင်း (ဆင်ဟွာ)

၆၆ နှစ်မြောက် တရုတ် ပြည်သူ့သမ္မတနိုင်ငံ ထူထောင်ခြင်း ဂုဏ်ပြု အခမ်းအနား သို့ တက်ရောက်လာသော မြန်မာနိုင်ငံ ဒုတိယ သမ္မတ ဒေါက်တာ စိုင်းမောက်ခမ်း အား မြန်မာနိုင်ငံ ဆိုင်ရာ တရုတ် သံအမတ်ကြီး မစ္စတာ ဟုန်လျန်က ကြိုဆိုနှုတ်ဆက်နေစဉ် (ဆင်ဟွာ)

မြန်မာနိုင်ငံ ဒုတိယ သမ္မတ ဒေါက်တာ စိုင်းမောက်ခမ်းနှင့် ဇနီး ၊ မြန်မာနိုင်ငံ ဆိုင်ရာ တရုတ် သံအမတ်ကြီး မစ္စတာ ဟုန်လျန် နှင့် ဇနီး တို့အား နေပြည်တော်၌ ကျင်းပသော ၆၆ နှစ်မြောက် တရုတ် ပြည်သူ့သမ္မတနိုင်ငံ ထူထောင်ခြင်း ဂုဏ်ပြု အခမ်းအနား၌ တွေ့ရစဉ် (ဆင်ဟွာ)

မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး မစ္စတာ ဟုန်လျန်မှ ပြောကြားရာတွင် မြန်မာ နိုင်ငံ ဆိုင်ရာ တရုတ် သံရုံးမှ ပထမ ဆုံးအကြိမ် နေပြည်တော်တွင် တရုတ် အမျိုးသားနေ့ ကျင်းပခြင်း ဖြစ်ကြောင်း၊ ယခု နှစ်သည် တရုတ်-မြန်မာ သံတမန် ဆက်ဆံရေး တည်ဆောက်ခဲ့သည့် ၆၅ နှစ်ပြည့်သည့် နှစ်ဖြစ်ကြောင်း၊ ၂၀၁၁ ခုနှစ်တွင် တရုတ်-မြန်မာ နှစ်နိုင်ငံ ဘက်စုံ မဟာဗျူဟာ မိတ်ဆွေ ဆက်ဆံရေး တည်ထောင် နိုင်ခဲ့ပြီး ယခု လက်တလော ကာလတွင် တရုတ်-မြန်မာ နှစ်နိုင်ငံ ဆက်ဆံရေး တိုးတက်မှု များရရှိလာသည် ကို လွန်စွာ ဝမ်းမြောက်မိပါ ကြောင်း ပြောကြားခဲ့သည်။

မြန်မာနိုင်ငံ ဒုတိယ သမ္မတ ဒေါက်တာ စိုင်းမောက်ခမ်းမှလည်း တရုတ်-မြန်မာ ဆက်ဆံရေးသည် ဆွေမျိုးပေါက်ဖော် ဆက်ဆံရေးဖြစ်ပြီး ဘက်စုံ မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှု မိတ်ဖက် ဆက်ဆံရေး ဖြစ်ကြောင်း၊ နှစ်နိုင်ငံ ဆက်ဆံရေးသည် ယခုဆိုလျှင် အမြင့်ဆုံးသို့ ရောက်ရှိနေပြီး တနေ့ထက်တနေ့ ပိုမိုတိုးတက်လာမည်ဟု မျှော်လင့်ကြောင်း နှင့် တရုတ်နိုင်ငံ၏ တိုးတက် အောင်မြင်မှုများကိုလည်း ချီးကျူးပါကြောင်း ပြောကြားခဲ့သည်။

တရုတ် နိုင်ငံ မှ မြန်မာ နိုင်ငံ အပေါ် လွန်စွာ အလေးထားခြင်းနှင့် မိတ်ဆွေ ဆက်ဆံရေးကို ပေါ်လွှင်စေရန် အတွက် ၆၆ နှစ်မြောက် တရုတ် ပြည်သူ့သမ္မတနိုင်ငံ ထူထောင်ခြင်း ဂုဏ်ပြု အခမ်းအနားကို မြန်မာ နိုင်ငံ ဆိုင်ရာ တရုတ် သံရုံးမှ ဦးဆောင်၍ နေပြည်တော်တွင် အခမ်းအနား ကျင်းပခြင်း ဖြစ်ကြောင်း သိရသည်။

တရုတ် ပြည်သူ့သမ္မတနိုင်ငံကို ၁၉၄၉ ခုနှစ် အောက်တိုဘာ ၁ ရက်နေ့တွင် ထူထောင်ခဲ့ပြီး ယင်းနေ့ကို တရုတ်အမျိုးသားနေ့ဟု သတ်မှတ်ကြေငြာခဲ့သည်။ (Xinhua)