Social
တရုတ်ပညာသင်ဆုအစီအစဉ်က မြန်မာကျောင်းသားများအတွက် ပညာသင်စရိတ်နှင့် လုပ်ငန်းစွမ်းဆောင်ရည်များ မြှင့်တင်ပေး
ရန်ကုန်၊ ဒီဇင်ဘာ ၈ ရက် (ဆင်ဟွာ)
မြန်မာနိုင်ငံ ရန်ကုန်မြို့ရှိ ခန်းမတစ်ခုအတွင်း အဖြူရောင်တီရှပ်များဝတ်ဆင်ထားသော ရန်ကုန်တက္ကသိုလ် ကျောင်းသား/ကျောင်းသူများ၏ မျက်နှာထက်ဝယ် ဂုဏ်ယူဝမ်းမြောက်မှုများ ပြည့်နှက်နေကာ တရုတ်ဘဏ်မှပေးအပ်သော ပညာသင်ဆုစာအိတ်များကို ကိုယ်စီကိုင်ဆောင်ထားကြသည်။အဆိုပါ အစီအစဉ်သည် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ပထမနှစ်ဝက်အတွက် ရန်ကုန်တက္ကသိုလ် ကျောင်းသား/ကျောင်းသူဦးရေ ၁၀၀ အား Bank of China (Hong Kong) ရန်ကုန်ဘဏ်ခွဲက ပညာသင်ဆုပေးအပ်ချီးမြှင့်ခြင်းအခမ်းအနား ဖြစ်သည်။
ထို့ပြင် ၎င်း၏ အစ်မဖြစ်သူမှာ သွားဘက်ဆိုင်ရာဆေးတက္ကသိုလ်တွင် ပညာသင်ကြားလျက်ရှိသလို မောင်လေးဖြစ်သူကလည်း လက်ရှိ ဆေးတက္ကသိုလ်တက်ရောက်နေသူဖြစ်ရာ၎င်းတို့မိသားစုအနေဖြင့် ပညာရေးကုန်ကျစရိတ်လွန်စွာများပြားကြောင်း မဝင့်ဝါဝါလွင်က ရှင်းပြသည်။ “ဒီပညာသင်ဆုကို လာမယ့်နှစ် မာစတာတန်းအတွက် သုံးဖို့စီစဉ်ထားပါတယ်။ ကျွန်မမိဘတွေလည်း ငွေကြေးအတွက် ဝန်ထုပ်ဝန်ပိုးလျော့သွားတာပေါ့” ဟု ၎င်းက ဖြည့်စွက်ပြောခဲ့သည်။
သင်္ချာဘာသာအဓိကဖြင့် ပညာသင်ကြားနေသော အသက် ၂၀ နှစ်အရွယ် မောင်အောင်နိုင်မင်းကလည်း ပညာသင်ဆုရရှိသည့်အတွက် ဝမ်းသာကြောင်း ပြောကြားခဲ့သည်။ “ကျွန်တော်က Bank of China ကနေ ပညာသင်ဆုရတာ တတိယမြောက်နှစ်ပါ။ အရင်ကတော့ ပညာရေးအတွက်လိုအပ်တာတွေအကုန်လုံးကို အိမ်ကနေပဲ ဝယ်ပေးရတာပေါ့။ အခုလိုပညာသင်ဆုရတဲ့အတွက် ကျွန်တော့်ပညာရေးအတွက်အများကြီးအထောက်အကူဖြစ်ပါတယ်” ဟု ဆိုသည်။
ရူပဗေဒဘာသာရပ်ဖြင့် တတိယနှစ် ဂုဏ်ထူးတန်း ကျောင်းသားတစ်ဦးဖြစ်သူ အသက် ၂၃ နှစ်အရွယ် မောင်အောင်ကျော်ကျော်သည် ယခုပညာသင်ဆုကို ပထမဆုံးအကြိမ်ရရှိခြင်းဖြစ်သည်။ “ပညာသင်ဆုရတော့ ကျွန်တော်လက်ရှိလုပ်နေတဲ့ ပရောဂျက်မှာ လိုအပ်တဲ့ chemical တွေဝယ်လို့ရတယ်။ ကျွန်တော် ဘွဲ့ရဖို့အတွက်လည်း အရေးပါပါတယ်” ဟု မောင်အောင်ကျော်ကျော်က ၎င်း၏အမြင်ကို ပြောပြခဲ့သည်။
မောင်အောင်ကျော်ကျော်၏ ဖခင်မှာ အစိုးရဝန်ထမ်းအငြိမ်းစားဖြစ်သလို မိခင်မှာ အိမ်ထောင်ရှင်မဖြစ်ရာ မိသားစုအနေဖြင့် ငွေကြေးအခက်အခဲအနည်းငယ်ရှိကြောင်း၊ ယခုရရှိသော ပညာသင်ဆုက ၎င်းတို့၏ ငွေကြေးအခက်အခဲများကို သိသိသာသာပြေလည်စေမည်ဟု မျှော်လင့်ကြောင်း ၎င်းက ဖြည့်စွက်ပြောကြားခဲ့သည်။
မြန်မာနိုင်ငံတော် ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ ဒေါက်တာ လင်းအောင်က “ဒီပညာသင်ဆု ပေးအပ်တဲ့အစီအစဉ်က ပညာသင်ဆုရရှိတဲ့ ကျောင်းသားကျောင်းသူတွေရဲ့ ပညာရေးကို တိုက်ရိုက်အကျိုးရှိစေရုံသာမကဘဲ မိသားစုတွေရဲ့ လူမှုအကျိုးစီးပွားကို မြှင့်တင်ပေးတာဖြစ်သလို တိုင်းပြည်ရဲ့ လူ့စွမ်းအားအရင်းအမြစ်ကိုလည်း တစ်ဖက်တစ်လမ်းက ပံ့ပိုးပေးနေတာလည်း ဖြစ်ပါတယ်” ဟု ပြောကြားခဲ့သည်။
ပညာရေးဆိုသည်မှာ နိုင်ငံတစ်နိုင်ငံ ရေရှည်ဖွံ့ဖြိုးတိုးတက်မှုအတွက် အခြေခံအုတ်မြစ်ဖြစ်ကြောင်း၊ လူငယ်များ၏ ပညာရေးကို ပံ့ပိုးပေးခြင်းက နိုင်ငံ၏ အနာဂတ်အတွက် မရှိမဖြစ်အခြေခံ ရင်းနှီးမြှုပ်နှံမှုဖြစ်ကြောင်း ဒေါက်တာ လင်းအောင်က ဆိုသည်။
ထို့ပြင် ပညာရေးဝန်ကြီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ သန်းသန်းဝင်းက အဆိုပါ ပညာသင်ဆု အစီအစဉ်သည် ပညာတော်သည့် ဆင်းရဲနွမ်းပါးသော ကျောင်းသား/ကျောင်းသူများအတွက် ပညာသင်ကြားစရိတ်ပံ့ပိုးပေးခြင်းသာမကဘဲ ထူးချွန်ကျောင်းသား/ကျောင်းသူများကို ချီးမြှောက်ပေးခြင်းလည်းဖြစ်သည်ဟု ဆိုသည်။
၎င်းက ဆက်လက်၍ တရုတ်နိုင်ငံနှင့် မြန်မာနိုင်ငံသည် ကောင်းမွန်သော သံတမန်ဆက်ဆံရေး ထူထောင်ခဲ့သည်မှာ နှစ်ပေါင်း ၇၀ ကျော်ရှိပြီဖြစ်ကြောင်း၊ မြန်မာပြည်သူများအတွက် ပိုမိုကောင်းမွန်သော အနာဂတ်အတွက် ပူးပေါင်းဆောင်ရွက် ပံ့ပိုးပေးသော တရုတ်နိုင်ငံကိုလည်း ကျေးဇူးတင်ကြောင်း ပြောကြားခဲ့သည်။
BOC ပညာသင်ဆုပေးအပ်ခြင်းအခမ်းအနားကို ဒီဇင်ဘာ ၆ ရက်တွင် ကျင်းပခဲ့ပြီး ရန်ကုန်တက္ကသိုလ်မှ ကျောင်းသား/ကျောင်းသူ ၁၀၀ အား ပညာသင်ထောက်ပံ့ကြေးဆု ၇၅ ခုနှင့် ပညာသင်ဆု ၂၅ ခု ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။
၂၀၂၂ ခုနှစ်တွင် စတင်ခဲ့သော BOC ပညာသင်ဆုအစီအစဉ်သည် ရန်ကုန်တက္ကသိုလ်မှ ကျောင်းသား/ကျောင်းသူများအား ပညာသင်စရိတ်၊ ပညာသင်ထောက်ပံ့ကြေးများနှင့် လက်တွေ့လုပ်ငန်းခွင်အတွေ့အကြုံ စသည့် အခွင့်အလမ်းများကို နှစ်စဉ် ပံ့ပိုးပေးလျက်ရှိကြောင်း သိရသည်။ (Xinhua)
#BankOfChina #China_MyanmarDiplomaticRelation #Myanmar #Scholarships #Award #မြန်မာ #ပညာသင်ဆုများ #ပေးအပ်ချီးမြှင့် #တရုတ်_မြန်မာသံတမန်ဆက်ဆံရေး