Connect with us

Africa & Middle East

ဂါဇာနယ်စပ်တွင် ဆန္ဒပြမှုများကြောင့် လူ၈ဦးသေ၊ ၁၀၀၀ကျော် ဒဏ်ရာရရှိ

အစ္စရေးနိုင်ငံ နှင့် ဂါဇာကမ်းမြောင်ဒေသ နယ်စပ်တွင် ဧပြီ ၆ရက်က ပါလက်စတိုင်းဆန္ဒပြသူများ နှင့် အစ္စရေးစစ်သားများအကြား ထိပ်တိုက်ရင်ဆိုင်မှုများဖြစ်ပွားစဉ် (ဆင်ဟွာ)

ဂါဇာ၊ ဧပြီ ၇ ရက် (ဆင်ဟွာ)

အစ္စရေးနိုင်ငံ နှင့် ဂါဇာကမ်းမြောင်တို့၏ နယ်စပ်ဒေသတွင် ပါလက်စတိုင်းဆန္ဒပြသူများ နှင့် အစ္စရေးစစ်သားများအကြား တစ်ရက်ကြာ ထိပ်တိုက်ရင်ဆိုင်မှုများ ပြင်းထန်စွာ ဖြစ်ပွားပြီးနောက် ဧပြီ ၆ရက်တွင် ပါလက်စတိုင်း ၈ဦးသေဆုံးပြီး အခြားလူ ၁,၀၇၀ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဆေးကုသရေးအဖွဲ့များက ပြောကြားခဲ့သည်။

ဂါဇာကမ်းမြောင်ဒေသ ကျန်းမာရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Ashraf al-Qedra က ပါလက်စတိုင်းတစ်ဦးသည် ဧပြီ ၆ရက်တွင် ရရှိခဲ့သော ဒဏ်ရာများကြောင့် ယင်းနေ့နှောင်းပိုင်းတွင် သေဆုံးသွားခဲ့ကြောင်း ဆင်ဟွာသို့ ပြောကြားခဲ့သည်။

၎င်းက အစ္စရေး နှင့် ထိစပ်နေသည့် ဂါဇာကမ်းမြောင် အရှေ့ပိုင်း တွင် ဧပြီ ၆ရက်က ဖြစ်ပွားခဲ့သော အစ္စရေးနှင့် ပါလက်စတိုင်း ပဋိပက္ခအတွင်း အစ္စရေးဘက်မှ လက်ဖြောင့်သေနတ်သမားများကြောင့် လူ ၇ဦး ထပ်မံသေဆုံးခဲ့ကြောင်း ပြောကြားခဲ့သည်။

အစ္စရေး နှင့် ဂါဇာ အရှေ့ပိုင်း နယ်စပ် ခြံစည်းရိုး အနီးရှိ စစ်သားများအား ခဲဖြင့် ပစ်ပေါက်ခဲ့သည့် ပါလက်စတိုင်းဆန္ဒပြသူ ထောင်ပေါင်းများစွာကို တားဆီးရန် အစ္စရေးစစ်တပ်သည် ကျည်အစစ်များ၊ ရာဘာကျည်များ၊ မျက်ရည်ယိုဗုံးများ နှင့် မီးသတ်ကားများကို အသုံးပြုခဲ့ကြောင်း သိရသည်။

ပါလက်စတိုင်းသမ္မတရုံးဌာန က ထုတ်ပြန်သည့် တရားဝင်ထုတ်ပြန်ချက်တစ်ခု၌ ပါလက်စတိုင်း ဆန္ဒပြသူများအား ဖိနှိပ်သတ်ဖြတ်ခြင်းကို ပြစ်တင်ရှုံ့ချပါကြောင်း၊ ဂါဇာကမ်းမြောင်အရှေ့ပိုင်း တွင် ငြိမ်းချမ်းစွာ ဆန္ဒပြနေသော ပါလက်စတိုင်းဆန္ဒပြသူများကို အစ္စရေးစစ်တပ်က နှိပ်ကွပ်ခဲ့ကြောင်း ပါရှိသည်။

ထုတ်ပြန်ချက်တွင် ပါလက်စတိုင်းခေါင်းဆောင်ပိုင်းသည် ကုလသမဂ္ဂဆိုင်ရာ ပါလက်စတိုင်းသံအမတ်ကြီး Reyad Mansour အပါအဝင် အာရပ်အဖွဲ့ချုပ်၊ ဥရောပသမဂ္ဂ တို့အား အပြစ်မဲ့ ပြည်သူများကို အစ္စရေးက ရည်ရွယ်ချက်ရှိရှိ ရက်စက်စွာ သတ်ဖြတ်ခြင်းမျိုးကို တားဆီးရန် နိုင်ငံတကာ အဖွဲ့အစည်းအားလုံး နှင့် အတူ ချက်ချင်းတုံ့ပြန်လုပ်ဆောင်သွားရန် တိုက်တွန်းခဲ့ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.