Africa & Middle East
အိန္ဒိယ သမ္မတ ဂါနာနိုင်ငံသို့ သွားရောက်
အက်ခရာ၊ ဇွန် ၁၂ ရက် (ဆင်ဟွာ)
ဂါနာနိုင်ငံ သမ္မတရုံး၏ ဇွန်လ ၁၁ ရက် ထုတ်ပြန်ချက်တွင် ဖော်ပြထားသည့် အတိုင်း အိန္ဒိယနိုင်ငံ သမ္မတ ပရာနပ် မူခါဂျီသည် ၎င်း၏ အာဖရိကသို့ ချစ်ကြည်ရေး ခရီးစဉ် စတင်သည့် အနေဖြင့် ဇွန်လ ၁၂ ရက်တွင် ဂါနာနိုင်ငံသို့ ရောက်ရှိလာခဲ့ကြောင်း သိရသည်။
အိန္ဒိယနိုင်ငံ သမ္မတသည် ဂါနာနိုင်ငံ သမ္မတ ဂျွန် ဒရန်မနီ မဟာမာ နှင့် တွေ့ဆုံကာ အိန္ဒိယ-ဂါနာ ဆက်ဆံရေး ကိစ္စရပ်များကို ဆွေးနွေးသွားမည် ဖြစ်သည့် အပြင် အိုင်ဗရီကို့စ်နိုင်ငံ သို့လည်း ဆက်လက် သွားရောက်မည် ဖြစ်သည်။
တွေ့ဆုံ ဆွေးနွေးမှုများ ပြုလုပ်ပြီးနောက် အိန္ဒိယနှင့် ဂါနာတို့သည် သဘောတူညီချက်များအား လက်မှတ် ရေးထိုးသွားမည် ဖြစ်ကြောင်း သိရသည်။
အိန္ဒိယနိုင်ငံ သမ္မတ ပရာနပ် မူခါဂျီသည် ဂါနာနိုင်ငံသို့ ရောက်ရှိနေစဉ် အတွင်း ဂါနာတက္ကသိုလ်၊ ICT နည်းပညာ ထူးချွန်မှု ဆိုင်ရာ အိန္ဒိယ-ဂါနာ ကိုဖီအာနန် စင်တာသို့ သွားရောက်မည် ဖြစ်ပြီး စီးပွားရေး ဖိုရမ် တစ်ခုတွင်လည်း မိန့်ခွန်း ပြောကြားမည် ဖြစ်ကြောင်း ထုတ်ပြန်ချက်၌ ပါရှိသည်။
ထို့ပြင် အိန္ဒိယ သမ္မတသည် ဂါနာနိုင်ငံ၏ လွတ်လပ်ရေး ဖခင်ကြီး သမ္မတဟောင်း Kwame Nkrumah အမှတ်တရ ပန်းခြံသို့ သွားရောက်ကာ နှစ်နိုင်ငံ ဆက်ဆံရေး ခိုင်မာသည့် အမှတ်သင်္ကေတ အဖြစ် သမ္မတရုံး ဖြစ်သည့် Flagstaff House ၌ သစ်ပင် တစ်ပင် စိုက်ပျိုးသွားမည် ဖြစ်သည်။ (Xinhua)