Africa & Middle East
ဂါဇာမြောက်ပိုင်းတွင် အစ္စရေး စစ်သားများ နှင့် ပဋိပက္ခဖြစ်ပွားမှုတွင် ပါလက်စတိုင်း ၉၅ဦး ဒဏ်ရာရရှိ

ဂါဇာ၊ စက်တင်ဘာ ၁၈ ရက် (ဆင်ဟွာ)
ဂါဇာကမ်းမြောင်ဒေသမြောက်ပိုင်း နှင့် အစ္စရေးနိုင်ငံ အကြား နယ်စပ်တွင် စက်တင်ဘာ ၁၇ ရက် ညနေပိုင်းက အစ္စရေး စစ်သားများ နှင့် ပါလက်စတိုင်း တို့အကြား ပဋိပက္ခဖြစ်ပွားခဲ့ရာ အနည်းဆုံး ပါလက်စတိုင်း ၉၅ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဂါဇာကမ်းမြောင်ဒေသ ကျန်းမာရေးဝန်ကြီးဌာနကပြောကြားခဲ့သည်။
ဒဏ်ရာရရှိသူ ၉၅ဦးအနက် ၂၆ဦးမှာ ကျည်အစစ်များဖြင့် ပစ်ခတ်ခံရခြင်းဖြစ်ပြီး အခြားလူများမှာ မျက်ရည်ယိုဗုံးများကြောင့် အသက်ရှူကြပ်သည့်ဝေဒနာကို ခံစားခဲ့ရကြောင်း ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Ashraf al-Qedra က သတင်းထောက်များအားပြောကြားခဲ့သည်။
ဆန္ဒပြသူများသည် နယ်စပ်ခြံစည်းရိုးအား ကျောက်တုံးများ၊ မီးလောင်နေသည့် တာယာများဖြင့် ပစ်ပေါက်ခဲ့ပြီး အစ္စရေး စစ်သားများက ပြန်လည်တုံ့ပြန်သည့်အနေဖြင့် မျက်ရည်ယိုဗုံးများ၊ ကျည်အစစ်များ ဖြင့် ပစ်ခတ်ခဲ့ကြောင်း သိရသည်။
ဂါဇာကမ်းမြောင်ဒေသ ကျန်းမာရေးဝန်ကြီးဌာန ၏ ထုတ်ပြန်ချက်အရ မတ်လ ၃၀ ရက် မှစ၍ ဆန္ဒပြမှုများကြောင့် အနည်းဆုံး ပါလက်စတိုင်းလူမျိုး ၁၇၇ဦးသေဆုံးခဲ့ပြီး အခြားလူ ၁၉,၀၀၀ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ (Xinhua)