Africa & Middle East
ဆိုမာလီ တွင် ပေါက်ကွဲမှု ၂ကြိမ်ဖြစ်ပွားခဲ့ရာ အနည်းဆုံး လူ ၆ဦးသေဆုံး
မိုဂါဒစ်ရှူး၊ ဧပြီ ၇ ရက် (ဆင်ဟွာ)
ဆိုမာလီနိုင်ငံ မြို့တော် မိုဂါဒစ်ရှူးမြို့တွင် ဧပြီ ၆ ရက် က ပေါက်ကွဲမှု ၂ခု သီးခြားစီဖြစ်ပွားခဲ့ရာ စစ်သား ၂ဦးအပါအဝင် အနည်းဆုံး လူ ၆ဦးသေဆုံးခဲ့ပြီး အများအပြား ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ရဲတပ်ဖွဲ့ နှင့် မျက်မြင်သက်သေများ၏ ပြောကြားချက်အရ မိုဂါဒစ်ရှူးမြို့ လေဆိပ် အနီး လမ်းပေါ်ရှိ စစ်ဆေးရေးဂိတ်တစ်ခုတွင် လုံခြုံရေးအရာရှိများက ကားတစ်စီးအား စစ်ဆေးရန် ရပ်တန့်ခိုင်းပြီးနောက် ပေါက်ကွဲမှု ဖြစ်ပွားခဲ့ကာ ဗုံးခွဲသမား သေဆုံးခဲ့ပြီး စစ်သား ၃ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ပထမပေါက်ကွဲမှု အပြီး တစ်နာရီအကြာတွင် မိုဂါဒစ်ရှူးမြို့ အနောက်ပိုင်း ဟိုဒန်ခရိုင် ဆိုင်ပီရာနိုမြို့ရှိ အခြား စစ်ဆေးရေးဂိတ်၌ သောကြာနေ့ ဆုတောင်းဝတ်ပြုမှုအပြီး မိနစ်အနည်းငယ်တွင် ဒုတိယမြောက်ပေါက်ကွဲမှု ဖြစ်ပွားခဲ့ကြောင်း အမည်မဖော်လိုသူ ရဲအရာရှိတစ်ဦးက ပြောကြားခဲ့သည်။
၎င်းက လုံခြုံရေးတပ်ဖွဲ့ဝင်များသည် ဖောက်ခွဲရေးပစ္စည်းများ တပ်ဆင်ထားသော မော်တော်ယာဉ်ဖြင့် စစ်ဆေးရေးဂိတ်ကိုဖြတ်၍ မောင်းနှင်လာသော စစ်သွေးကြွ ၃ဦးအား ပစ်သတ်ခဲ့ပြီး စစ်သား ၂ဦး သေဆုံးခဲ့ကြောင်း ပြောကြားခဲ့သည်။
ပြည်တွင်းလုံခြုံရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Abdiaziz Ali Ibrahim က လုံခြုံရေးတပ်ဖွဲ့ဝင်များသည် အသေခံဗုံးခွဲသမားအား တားဆီးခဲ့ကြောင်း၊ သို့သော် အသေခံဗုံးခွဲသမား လေဆိပ်လမ်းမပေါ်သို့ ဝင်ရောက်ခြင်း မပြုနိုင်ရန် လုံခြုံရေးတပ်ဖွဲ့ဝင်များက တားဆီးခဲ့ပြီးနောက် အဆိုပါယာဉ်ပေါက်ကွဲသွားခဲ့ကြောင်း ပြောကြားခဲ့သည်။
မကြာသေးမီ ကာလအတွင်း မိုဂါဒစ်ရှူးမြို့ရှိ အာဖရိကသမဂ္ဂ နှင့် ဆိုမာလီတပ်ဖွဲ့ဝင်များ အထူးသဖြင့် ၎င်းတို့၏ အခြေစိုက်စခန်းများ၊ ဟိုတယ်များ နှင့် အခြားသော အများပြည်သူဆိုင်ရာ နေရာများကို ပစ်မှတ်ထား၍ စစ်သွေးကြွများ၏ တိုက်ခိုက်မှုများ မြင့်တက်လာခဲ့ကြောင်း သိရသည်။ (Xinhua)