Africa & Middle East
ဆီးရီးယားမြို့ နှစ်မြို့တွင် ဗုံးပေါက်ကွဲမှု များကြောင့် သေဆုံးသူ ၇၄ ဦး အထိ ရှိလာ
ဒမတ်စကက်၊ မေ ၂၃ ရက် (ဆင်ဟွာ)
ဆီးရီးယားနိုင်ငံ၏ ကမ်းရိုးတန်းမြို့နှစ်မြို့၌ မေလ ၂၃ ရက်က ဗုံးပေါက်ကွဲမှုများ ဆက်တိုက် ဖြစ်ပွားခဲ့ရာ သေဆုံးသူ ၇၄ ဦး အထိ ရှိလာကြောင်း သိရသည်။
ပထမဆုံး ဗုံးပေါက်ကွဲမှုမှာ ဆီးရီးယား အနောက်မြောက်ဘက်ရှိ လက်တာကီယာ ဆိပ်ကမ်းမြို့၏ Jableh မြို့ရှိ ဘတ်စ်ကားဂိတ်၊ ပြည်သူ့ဆေးရုံနှင့် လျှပ်စစ်ရုံးစသည့် နေရာများသို့ ပစ်မှတ်ထားကာ ဗုံးလေးလုံး ပေါက်ကွဲ ခဲ့ကြောင်း နိုင်ငံပိုင် ဆီးရီးယား ရုပ်မြင်သံကြားက ပြောကြားခဲ့သည်။
Jableh မြို့တွင်း ကားဗုံး ပေါက်ကွဲခဲ့ခြင်း ဖြစ်ကြောင်း အမည် မဖော်ပြထားသည့် စစ်ဘက်ဆိုင်ရာ သတင်းရင်းမြစ် တစ်ဦးက ဆင်ဟွာသို့ ပြောသည်။ ထို့ပြင် လူနာတင်ကားများဖြင့် ဒဏ်ရာ ရသူများအား ဆေးရုံသို့ ပို့ဆောင်လျက် ရှိကြောင်း ပြောကြားခဲ့သည်။
Jableh မြို့က ဗုံးပေါက်ကွဲမှုတွင် အနည်းဆုံး လူ ၅ ဦး သေဆုံးခဲ့ကြောင်း Sham FM ရေဒီယိုက ကြေညာခဲ့ သည်။
Jableh မြို့ ဗုံးပေါက်ကွဲမှု ဖြစ်ပွားပြီးနောက် လက်တာကီယာမှ ကီလိုမီတာ ၁၀၀ အကွာရှိ အခြား ဆိပ်ကမ်းမြို့ တစ်ခုဖြစ်သော Tartus ၌လည်း ဗုံးလေးလုံး ထပ်မံ ပေါက်ကွဲခဲ့ကြောင်း သိရသည်။
Tartus ဗုံးပေါက်ကွဲမှု သုံးခုအနက် တစ်ခုမှာ ဘတ်စ်ကား မှတ်တိုင်၌ ဖြစ်ပွားခဲ့ပြီး အသေခံ ဗုံးဖောက်ခွဲခြင်းနှင့် ကားဗုံး ဖောက်ခွဲခြင်းများကြောင့် ဖြစ်ကြောင်း နိုင်ငံပိုင် ရုပ်မြင်သံကြားက ဖော်ပြခဲ့သည်။ ဘတ်စ်ကား မှတ်တိုင် ဂိတ်ဝသို့ ပစ်ကပ် ထရပ်ကား တစ်စီး ဝင်ရောက်လာခဲ့ပြီးနောက် အသေခံ ဗုံးဖောက်ခွဲသမား နှစ်ဦးက ဘတ်စ်ကား မှတ်တိုင်အတွင်း ဖောက်ခွဲရေး ခါးပတ်များဖြင့် ဖောက်ခွဲခဲ့သည်။ လေးခုမြောက် ဗုံးဖောက်ခွဲမှုအား Tartus မြို့ရှိ Assad ဆင်ခြေဖုံး ရပ်ကွက်၌ အသေခံဗုံး ဖောက်ခွဲသမား တစ်ဦးက ဖောက်ခွဲခဲ့သည်။
Tartus မြို့ကျန်းမာရေး ဋ္ဌာန အကြီးအကဲ အာမတ် အာမာက Tartus ပေါက်ကွဲမှုတွင် လူပေါင်း ၁၃ ဦး သေဆုံး ခဲ့ပြီး သေဆုံးသူ အရေအတွက် မြင့်တက်လျက် ရှိကြောင်း ပြောကြားခဲ့သည်။ (Xinhua)