Connect with us

Africa & Middle East

ဆီးရီးယားရှိ အီရန်၏ စစ်ဘက်ဆိုင်ရာ ပစ်မှတ်များကို ဆက်လက် တိုက်ခိုက်သွားမည်ဟု အစ္စရေးဝန်ကြီးချုပ်ပြော

၂ဝ၁၈ ခုနှစ် မေ ၇ ရက်တွင် ဂိုလန်ကုန်းမြင့်၌ စစ်ဆင်ရေးဆောင်ရွက်နေသည့် အစ္စရေးတင့်ကားများအား တွေ့ ရစဉ်(ဆင်ဟွာ/အေဖက်ပီ)

ဂျေရုစလင် ၊ ဇွန် ၁၈ ရက်(ဆင်ဟွာ)

အစ္စရေးနိုင်ငံ ဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ယာဟု(Benjamin Netanyahu) က အစ္စရေးနိုင်ငံ မြောက်ပိုင်းနယ်စပ်နှင့်ထိစပ်နေသည့် ဆီးရီးယားနိုင်ငံအတွင်း အီရန်နိုင်ငံ နှင့် ၎င်း၏ အပေါင်းအပါများက စစ်ဘက်ဆိုင် ခြေကုပ်စခန်းများ တည်ဆောက်နေမှုကို တားဆီးရန်အတွက် အစ္စရေးက တိုက်ခိုက်မှုများ ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ဇွန် ၁၇ ရက်တွင်ထုတ်ဖော်ပြောကြားလိုက်သည်။

ဂျေရုစလင်မြို့၌ ပြုလုပ်သည့် အစ္စရေးအစိုးရ၏ ရက်သတ္တပတ် ဝန်ကြီးအဖွဲ့အစည်းအဝေးအတွင်း အထက်ပါအတိုင်းမှတ်ချက်ပြုပြောကြားခဲ့ခြင်းဖြစ်သည်။ နေတန်ယာဟုက ၎င်း၏အစိုးရအဖွဲ့ဝင် ဝန်ကြီးများအားပြောကြားခဲ့ရာတွင် ပြီးခဲ့သော ရက်သတ္တပတ်ကုန်ပိုင်းက ရုရှားနိုင်ငံသမ္မတဗလာတီမာပူတင် နှင့် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မိုက်ပွန်ပီယိုတို့နှင့်ဆွေးနွေးခဲ့ကြောင်း ဆိုသည်။

“ ဆီးရီးယားနဲ့ပတ်သက်ပြီး ကျွန်တော်တို့ရဲ့ စည်းမျဉ်းစည်းကမ်းတွေကို ပြောပြခဲ့တယ်။ ပထမဆုံးအနေနဲ့အီရန်ဟာ ဆီးရီးယားကနေ အလုံးစုံ ရုပ်သိမ်းသွားဖို့လိုတယ်။ အဲဒီအတွက် ကျွန်တော်တို့အရေးယူမှုတွေလုပ်တယ်။ ပြီးတော့ ဆီးရီးယားမှာ အီရန် နဲ့သူ့အပေါင်းအပါတွေက စစ်ဘက်ဆိုင်ရာ ခြေကုပ်စခန်းတွေ တည်ဆောက်မယ့်ကြိုးပမ်းချက်ကို တားဆီးဖို့ကျွန်တော်တို့အရေးယူမှုတွေ လုပ်ဆောင်ခဲ့ပြီးဖြစ်ပါတယ်” ဟု ၎င်းက ဆိုသည်။

“ ဆီးရီးယားနိုင်ငံအတွင်း ဘယ်နေရာမျိုးမှာပဲဖြစ်ဖြစ် အဲဒီကြိုးပမ်းချက်တွေကို ကျွန်တော်တို့တားဆီးရပါလိမ့်မယ်” ဟု ၎င်းကဖြည့်စွက်ပြောကြားခဲ့သည်။ ဆီးရီးယားနိုင်ငံ၌ စစ်ဘက်ဆိုင်ရာများ တည်ဆောက်ရန် ကြိုးပမ်းသည့် အီရန်ကို တားဆီးရန် အစ္စရေးနိုင်ငံသည် ဆီးရီးယားနိုင်ငံပိုင်နက်အတွင်း လေကြောင်း တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ပြီး ယင်းတိုက်ခိုက်မှုမှာ အီရန်နိုင်ငံက ကျောထောက်နောက်ခံပေးထားသည့် ဟစ်ဘိုလာတို့၏ စစ်လက်နက်ယန္တယားများကို ခြေမှုန်းရန်အတွက်ဖြစ်ကြောင်း ဆိုသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.