Africa & Middle East
ဆူဒန်ဆေးရုံတစ်ခု ၏ ရေခဲတိုက်၌ ရုပ်အလောင်း ၃၀၀ ရှိနေကြောင်း စွပ်စွဲချက်ကို ဆူဒန်အစိုးရ ငြင်းဆန်
ခါတွန်၊ ဖေဖော်ဝါရီ ၁၂ ရက် (ဆင်ဟွာ)
ဆူဒန်နိုင်ငံ ခါတွန်ပြည်နယ် ကျန်းမာရေး အာဏာပိုင်များက မြို့တော် ခါတွန်မြို့ ရှိ ဆေးရုံတစ်ခု၏ ရေခဲတိုက်တစ်ခုတွင် ရုပ်အလောင်း ၃၀၀ ရှိနေကြောင်းစွပ်စွဲချက်ကို ဖေဖော်ဝါရီ ၁၁ရက်က ငြင်းဆန်ခဲ့ကြောင်း သိရသည်။
ခါတွန်ပြည်နယ် ကျန်းမာရေးဝန်ကြီးဌာန က ခါတွန်မြို့ ရှိ အကယ်ဒမီဆေးရုံ၏ ရေခဲတိုက်အတွင်း အမည်မသိ လူ ၃၀၀၏ ရုပ်အလောင်းများ ရှိနေကြောင်း နှင့် ပတ်သက်၍ လူမှုကွန်ရက်၌ ဖော်ပြချက်များသည် အခြေအမြစ်မရှိကြောင်း ဖေဖော်ဝါရီ ၁၁ရက်က ထုတ်ပြန်ခဲ့သည်။
ဆေးရုံ၏ ရေခဲတိုက်သည် ရုပ်အလောင်း ၂၆လောင်းကိုသာ ထိန်းသိမ်းထားနိုင်ကြောင်း နှင့် ယင်း ကောလဟလများကို ဆန်းစစ်ဆင်ခြင်ခြင်းမရှိဘဲ ပြန့်နှံ့အောင်ပြုလုပ်ခြင်းသည် အများပြည်သူများကို အထိတ်တလန့်ဖြစ်စေကြောင်း ထုတ်ပြန်ချက်၌ပါရှိသည်။
ထုတ်ပြန်ချက် ၌ ပြည်နယ်အတွင်းရှိ ရေခဲတိုက်များတွင် ရုပ်အလောင်းများ ထိန်းသိမ်းထားခြင်းမရှိကြောင်း ထပ်လောင်းပြောကြားခဲ့သည်။
အချို့သော တက်ကြွလှုပ်ရှားသူများက ခါတွန်မြို့ ရှိ အကယ်ဒမီဆေးရုံ၏ ရေခဲတိုက်အတွင်း အမည်မသိ လူ ၃၀၀၏ ရုပ်အလောင်းများ ရှိနေကြောင်း နှင့် ယင်းရုပ်အလောင်းများသည် ဆူဒန်တွင်ဖြစ်ပွားခဲ့သော အထင်ကရ ဆန္ဒပြပွဲများမှ ဆန္ဒပြသူများဖြစ်ကြောင်း လူမှုကွန်ရက်၌ရေးသားခဲ့ကြသည်။
စီးပွားရေးအခြေအနေများ ဆိုးရွားလာမှု နှင့် အခြေခံကုန်စည်ဈေးနှုန်းများ မြင့်တက်လာမှုကြောင့် ၂၀၁၈ခုနှစ် ဒီဇင်ဘာလမှစ၍ ခါတွန်မြို့ အပါအဝင် အခြားသော ဧရိယာများတွင် ဆန္ဒပြပွဲကြီးများဖြစ်ပွားခဲ့ကြောင်း သိရသည်။
အစိုးရမှ ထုတ်ပြန်သည့် အချက်အလက်များအရ ယင်းဆန္ဒပြပွဲများအတွင်း လူ ၃၁ဦးသေဆုံးခဲ့ကြောင်း သိရသည်။ (Xinhua)