Africa & Middle East
နိုင်ဂျီးရီးယားနိုင်ငံတွင် ဆီတင်ယာဉ် ပေါက်ကွဲမှုဖြစ်ပွား ၊ အနည်းဆုံး လူ ၁၀ ဦး သေဆုံး
အဘူဂျာ၊ ဇူလိုင် ၃ ရက်(ဆင်ဟွာ)
နိုင်ဂျီးရီးယားနိုင်ငံ အရှေ့တောင်ပိုင်း Benue ပြည်နယ်တွင် ဇူလိုင် ၁ ရက်က ဆီတင်ယာဉ်တစ်စီး ပေါက်ကွဲမှုဖြစ်ပွားရာ အနည်းဆုံး လူ ၁၀ ဦး သေဆုံးခဲ့ကြောင်း နိုင်ဂျီးရီးယား အရာရှိတစ်ဦးက ဇူလိုင် ၂ ရက်တွင် အတည်ပြုပြောကြားခဲ့သည်။
ဆီတင်ယာဉ် ပေါက်ကွဲမှုမှာ ကျေးရွာတစ်ခုအနီးတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ၊ အချင်းဖြစ်နေရာတွင် သေဆုံးသူ ရုပ်အလောင်း အနည်းဆုံး ၁၀ ခုကို ရှာဖွေ့တွေ့ရှိခဲ့သလို အခြားဒဏ်ရာသူ ၅၀ ကျော် ရှိကြောင်း Benueပြည်နယ် ယာဉ်အန္တရာယ်ကင်းစင်ရေး စီမံခန့်ခွဲမှုဌာနတာဝန်ရှိသူ Aliu Babaက ဆိုသည်။
ကနဦးစစ်ဆေးချက်များအရ အချင်းဖြစ်ယာဉ်သည် မောင်းနှင်နေစဉ် လမ်းရှိ ချိုင့်တစ်ခုကို ရုတ်တရက်ရှောင်လိုက်ရာမှ အရှိန်မထိန်းနိုင်တိမ်းမှောက်ခဲ့ခြင်း ဖြစ်ကြောင်း Aliu Babaက ဆိုသည်။ ယာဉ်ပေါ်တွင်တင်ဆောင်လာသည့် လောင်စာဆီများ ယိုစိမ့်ဖြစ်ပွားစဉ် အနီးရှိ ပြည်သူများ လုယူကြရာတွင် ရုတ်တရက် မီးလောင်မှု ဖြစ်ပွားခဲ့ကြောင်း Aliu Babaကဆိုသည်။
အနီးရှိလူများ ယိုစိမ့်နေသောလောင်စာဆီ ကို လုယက်နေချိန် ခရီးသည် ၁၈ ဦး တင်ဆောင်သည့် ဘတ်စ်ကားတစ်စီးက အရှိန်ဖြင့် ဆီတင်ယာဉ် ကို ဝင်တိုက်မိရာမှ ပေါက်ကွဲမှု ဖြစ်ပွားခြင်းဖြစ်ပြီး အနီးရှိ ဆိုင်များကို မီးကူးစက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ မျက်မြင်သက်သေတစ်ဦးက အချင်းဖြစ်နေရာသည် ယာဉ်အသွားအလာများပြားသည့်ယာဉ်ကြောလမ်း ဖြစ်ရာ သေဆုံးသူ အနည်းဆုံး ၅၀ ခန့်ရှိကြောင်း ဆိုသည်။
အချင်းဖြစ်ပွားမှုနှင့်စပ်လျဉ်း၍ စုံစမ်းစစ်ဆေးလျက်ရှိသည်ဟု ရဲဘက်ဆိုင်ရာက ဆိုသည်။ (Xinhua)