Africa & Middle East
နိုင်ဂျီးရီးယား တပ်ဖွဲ့ဝင်များ၏ စီးနင်းမှုအတွင်း ဓားစားခံ ၅၇ ဦးအား ကယ်ထုတ်နိုင်ခဲ့
လာဂို၊ ဇွန် ၁၅ ရက် (ဆင်ဟွာ)
နိုင်ဂျီးရီးယား စစ်တပ် အာဏာပိုင်များက နိုင်ငံ၏ အရှေ့မြောက်ပိုင်း ရှိ အဒါမာဝါ နှင့် ဘော်နို ပြည်နယ် အစိတ်အပိုင်းများတွင် ဘိုကိုဟာရမ် စစ်သွေးကြွများက ဖမ်းဆီးထားသော ဓားစားခံ ၅၇ ဦးအား မတူညီသည့် ကင်းလှည့် မြေပြင်တပ်ဖွဲ့များက ကယ်ဆယ်နိုင်ခဲ့ကြောင်း ပြောကြားခဲ့သည်။
နိုင်ဂျီးရီးယား စစ်တပ် ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး Sanin Usman က အမျိုးသမီးများနှင့် ကလေးငယ်များ ပါဝင်သည့် ဓားစားခံများအား စစ်ဆေးမှု အချို့နှင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းများ လုပ်ဆောင်ပေးနိုင်ရန် အတွက် အနီးဆုံးရှိ စစ်အခြေစိုက် စခန်းများသို့ ပို့ဆောင်ပေးထားကြောင်း ဆင်ဟွာသို့ ပြောသည်။
၎င်းက Gwoza ဒေသ အနီးတွင် ဖြစ်ပွားခဲ့သည့် စစ်ဆင်ရေး တစ်ခုအတွင်း စစ်သွေးကြွ ၂ ဦး သေဆုံးပြီး စစ်သား ၃ ဦးနှင့် ပြည်သူ ၁၃ ဦး ဒဏ်ရာ ရရှိခဲ့ကြောင်း ပြောကြားသည်။
နိုင်ဂျီးရီးယား တပ်ဖွဲ့က ဒေသတစ်လျောက် မတူညီသည့် ဧရိယာများတွင် ပြုလုပ်ခဲ့သည့် စစ်ဆင်ရေးများ အတွင်း ဧရိယာ များစွာရှိ စစ်သွေးကြွများစွာကို သုတ်သင် ရှင်းလင်း နိုင်ခဲ့ပြီး ဓားစားခံ များစွာကို ကယ်ထုတ် ပေးခဲ့ကြောင်း သိရသည်။ (Xinhua)