Africa & Middle East
နျူကလီးယားစွမ်းအင် ကဏ္ဍတွင် ဆူဒန်နှင့် တရုတ် ပူးပေါင်းဆောင်ရွက်မည်
ခါတောမ်၊ မေ ၂၃ ရက် (ဆင်ဟွာ)
ငြိမ်းချမ်းစွာ နျူကလီးယား စွမ်းအင် သုံးစွဲရေးအတွက် ရည်ရွယ်၍ ပထမဆုံး နျူကလီးယား စက်ရုံအား ဆူဒန်နိုင်ငံ၌ တည်ဆောက်ရန် သဘောတူညီမှု မူဘောင် တစ်ခုအား ဆူဒန်နှင့် တရုတ်နိုင်ငံတို့က မေလ ၂၃ ရက်၌ လက်မှတ် ရေးထိုးခဲ့သည်။
အဆိုပါ သဘောတူညီမှုသည် နိုင်ငံအတွင်း ရင်ဆိုင်နေရသော စွမ်းအင်ကိစ္စရပ်များ အားလုံးအတွက် ပြီးပြည့်စုံသည့် အဖြေတစ်ခု ရရှိရန် ရည်ရွယ်ချက်ဖြင့် ပြန်လည် သုံးသပ်ထားပြီး ဖြစ်ကြောင်း ဆူဒန်နိုင်ငံ ဘဏ္ဍာရေး ဝန်ကြီး Badr-Eddin Mahmoud က ပြောသည်။
ဆူဒန်နိုင်ငံ အလယ်ပိုင်း Kordofan ရှိ Al-Fula ဟု အမည်ပေးထားသော လျှပ်စစ်စက်ရုံနှင့် ဓာတ်အားလိုင်း စီမံကိန်းများတွင် ကြုံတွေ့နေရသော အခက်အခဲများနှင့် အနာဂတ်ကာလ ပူးပေါင်း ဆောင်ရွက်မှုဆိုင်ရာ စိန်ခေါ်မှုများကို ကျော်လွှားနိုင်မည် ဖြစ်ကြောင်း ၎င်းက ဆိုသည်။
နှစ်နိုင်ငံ ဆွေးနွေးပွဲအတွင်း ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ခဲ့သူ ဝန်ကြီး Mahmoud က ယင်း တွေ့ဆုံပွဲသည် ဆူဒန်- တရုတ် ပူးပေါင်း ဆောင်ရွက်ခြင်းအား ကဏ္ဍသစ် ဖွင့်လှစ်ခဲ့ခြင်း ဖြစ်ကြောင်း ပြောကြားခဲ့သည်။
တရုတ် အမျိုးသား စွမ်းအင် စီမံခန့်ခွဲရေး ဋ္ဌာန၏ ညွှန်ကြားရေးမှူး Nur Bekri ဦးဆောင်သည့် တရုတ် ကိုယ်စားလှယ် အဖွဲ့သည် စီးပွားရေး ကဏ္ဍ၌ နှစ်နိုင်ငံ ဆက်ဆံရေး ဖွံ့ဖြိုးရန်အတွက် ဆက်စပ်လျက်ရှိသော ကိစ္စရပ်များ ဆွေးနွေးရန် ဆူဒန်နိုင်ငံ Kordofan မြို့သို့ မေလ ၂၂ ရက်က သုံးရက်တာ ခရီးစဉ်အဖြစ် ရောက်ရှိနေခြင်း ဖြစ်သည်။ (Xinhua)