Africa & Middle East
ပါကစ္စတန် စစ်သွေးကြွ ထိပ်တန်းခေါင်းဆောင် Ehsanullah Ehsan လက်နက်ချခဲ့ကြောင်း စစ်တပ်ပြောကြား

အစ္စလာမ်မာဘတ်၊ ဧပြီ ၁၈ ရက် (ဆင်ဟွာ)
ပါကစ္စတန် တာလီဘန်စစ်သွေးကြွ ထိပ်တန်းခေါင်းဆောင်တစ်ဦးဖြစ်သော Ehsanullah Ehsan သည် ပါကစ္စတန်လုံခြုံရေးတပ်ဖွဲ့ထံ လက်နက်ချ အဖမ်းခံခဲ့ကြောင်း ပါကစ္စတန်စစ်တပ်က ဧပြီ ၁၇ ရက်တွင် ပြောကြားခဲ့သည်။
စစ်တပ်ပြောရေးဆိုခွင့်ရှိသူ Asif Ghafoor က အဆိုပါ သတင်းအား Punjab ပြည်နယ် Rawalpindiမြို့ရှိ စစ်ဋ္ဌာနချုပ်တွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတစ်ခု၌ ပြောကြားခဲ့ခြင်းဖြစ်သည်။
Ehsan သည် မတရားအသင်းဖြစ်သော Tehrik-e-Taliban Pakistan (TTP) တာလီဘန်အုပ်စု၏ ပြောရေးဆိုခွင့်ရှိသူဖြစ်ပြီး နောက်ပိုင်းတွင် TTP အုပ်စုမှ ခွဲထွက်လာသည့် Jamaat-ul-Ahrar အဖွဲ့သို့ဝင်ရောက်ခဲ့ကာ ပါကစ္စတန်နိုင်ငံတွင် ပြုလုပ်ခဲ့သော အကြမ်းဖက်တိုက်ခိုက်မှုများအတွက် တာဝန်ရှိသူတစ်ဦးဖြစ်ကြောင်း သိရသည်။
Ehsan ကဲ့သို့ စစ်သွေးကြွထိပ်တန်းခေါင်းဆောင်တစ်ဦး လက်နက်ချခဲ့ခြင်းသည် စစ်သွေးကြွတို့အတွက် ကြီးမားသော ဆုံးရှုံးမှုတစ်ခုဖြစ်ခဲ့သည်။
Ehsan မည်သည့်အတွက်ကြောင့် လက်နက်ချခဲ့ခြင်းဖြစ်ကြောင်းကိုမူ စစ်တပ်ပြောရေးဆိုခွင့်ရှိသူက ထုတ်ဖော်ပြောကြားခြင်းမရှိခဲ့ကြောင်း သိရသည်။
TTP စစ်သွေးကြွအုပ်စု က ယင်းအကြောင်းအရာနှင့် ပတ်သက်၍ တစ်စုံတစ်ရာ တုံ့ပြန်ခြင်း မရှိသေးကြောင်း သိရသည်။ (Xinhua)