Connect with us

Africa & Middle East

ဆီးရီးယားဒုက္ခသည်များအား ကယ်ဆယ်ရွှေ့ပြောင်းပေးမည့် ဘတ်စ်ကားစုရပ်တွင် ဗုံးဖောက်ခွဲမှုကြောင့် လူ ၇၀ဦးသေဆုံး

ဆီးရီးယား ရှိ ဘတ်စ်ကားစုရပ် တစ်ခု တွင် အသေခံကားဗုံးဖောက်ခွဲမှုကြောင့် သေဆုံးသွားသူများအားတွေ့ရစဉ် (ဆင်ဟွာ)

ဒမတ်စကက်၊ ဧပြီ ၁၆ ရက် (ဆင်ဟွာ)

ဆီးရီးယားနိုင်ငံ မြောက်ပိုင်း အစိုးရလိုလားသည့် မြို့နှစ်မြို့မှ ဆီးရီးယားပြည်သူများကို ကယ်ထုတ်ပေးမည့် ဘတ်စ်ကားစုရပ်တစ်ခုအား ပစ်မှတ်ထား၍ ဧပြီ ၁၅ ရက်က အသေခံဗုံးဖောက်ခွဲခဲ့မှုကြောင့် အနည်းဆုံး လူ ၇၀ဦးသေဆုံးပြီး အခြားလူ ၁၂၈ဦး ဒဏ်ရာရရှိခဲ့ကြောင်း ခိုင်လုံသည့် သတင်းရင်းမြစ်တစ်ခုက ဆင်ဟွာသို့ပြောကြားခဲ့သည်။

အလက်ပိုပြည်နယ် အစွန်အဖျားရှိ သူပုန်များထိန်းချုပ်ထားသော Rashideen ဧရိယာတွင် သဘောတူညီချက်တစ်ခုအရ အစိုးရလိုလားသော ရှီးယိုက်ပြည်သူ ၅၀၀၀ဦးကို တင်ဆောင်ထားသော ဘတ်စ်ကားများသည် အလက်ပိုပြည်နယ်ရှိ အစိုးရထိန်းချုပ်ထားသော ဧရိယာသို့ ၎င်းတို့အား ဘေးကင်းစွာ ပို့ဆောင်ပေးရန် စောင့်ဆိုင်းနေစဉ် ဗုံးများတပ်ဆင်ထားသော အာလူးတင်ကုန်ကားတစ်စီးဖြင့် အသေခံဗုံးခွဲသမားက ဖောက်ခွဲမှုပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အီရန်နိုင်ငံ၊ တူရကီနိုင်ငံ နှင့် ကာတာနိုင်ငံ တို့၏ ကြီးကြပ်ဆောင်ရွက်မှုဖြင့် မကြာသေးမီက ဆီးရီးယားသူပုန် နှင့် အစိုးရတို့သည် အစိုးရလိုလားသော မြို့နှစ်မြို့ဖြစ်သည့် Idlib ပြည်နယ် Kafrayaမြို့ နှင့် Foaမြို့ မှ ပြည်သူများအား အလက်ပိုပြည်နယ်အတွင်း အစိုးရကထိန်းချုပ်ထားသော ဧရိယာသို့ ဘေးကင်းစွာ ရွှေ့ပြောင်းပေးရန် သဘောတူညီခဲ့ကြသည်။

အပြန်အလှန်အနေဖြင့် ဆီးရီးယားအစိုးရက သူပုန်များ နှင့် ၎င်းတို့၏ မိသားစုဝင်များကို ဒမတ်စကက်မြို့ မြောက်ပိုင်းရှိ သူပုန်များထိန်းချုပ်ထားသော Madaya မြို့ နှင့် Zabadani မြို့ များကို စွန့်ခွာ၍ Idlib ပြည်နယ်သို့ သွားရောက်ခွင့်ပြုခဲ့ကြောင်း သိရသည်။

Rashideen ဧရိယာတွင် စောင့်ဆိုင်းနေခဲ့သူတစ်ဦး၏ပြောကြားချက်အရ ပေါက်ကွဲမှုမဖြစ်ပွားခင် ယင်းဧရိယာ၌ စောင့်ဆိုင်းနေသူများအနက် သုံးဦးမှာ ကျန်းမာရေးအခြေအနေဆိုးရွားလာ၍ သေဆုံးသွားခဲ့ကြောင်းသိရသည်။

၎င်းက ရွှေ့ပြောင်းရန် စောင့်ဆိုင်းနေစဉ် ကိုယ်ဝန်ဆောင် အမျိုးသမီးသုံးဦးသည် ဘတ်စ်ကားများအတွင်း၌ပင် ကလေးမွေးဖွားခဲ့ပြီး အခြားသူများသည် ၂၄နာရီပတ်လုံး ရေနှင့် အစားအစာများ ကောင်းစွာလုံလောက်မှုမရှိဘဲ ရွှေ့ပြောင်းရန်စောင့်ဆိုင်းနေကြကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.