Africa & Middle East
ဘော့ဆွာနာနိုင်ငံတွင် ဝမ်းရောဂါကြောင့် လူ ၆ ဦးသေဆုံး၊ ၁,၇၀၀ ကျော် ရောဂါကူးစက်ခံရ
ဂါဘိုရိုးနီ၊ စက်တင်ဘာ ၁၈ ရက် (ဆင်ဟွာ)
ဘော့ဆွာနာနိုင်ငံတွင် ပြီးခဲ့သည့်သီတင်းပတ်က ဝမ်းရောဂါဖြစ်ပွားခဲ့ရာ အသက် ၅ နှစ်အောက် ကလေးငယ် ၆ ဦးသေဆုံးခဲ့ပြီးကြောင်း အစိုးရက စက်တင်ဘာလ ၁၇ ရက်တွင် ပြောကြားလိုက်သည်။
နိုင်ငံတစ်ဝန်း ပြီးခဲ့သည့်တစ်ပတ်လုံးမှာ ဝမ်းရောဂါဖြစ်ပွားသူ လူ ၁,၇၇၆ ဦး ရှိကြောင်း ဘော့ဆွာနာနိုင်ငံ ဂါဘိုရိုးနီးမြို့တွင် ပြုလုပ်သော သတင်းစာရှင်းလင်းပွဲ၌ ကျန်းမာရေးနှင့် Wellness ဝန်ကြီး Alfred Madigele က ပြောကြားခဲ့သည်။
“ဒီအရေအတွက်က ပြီးခဲ့တဲ့ ငါးနှစ်အတွင်း အများပြားဆုံး မှတ်တမ်းဝင်ဖြစ်ပါတယ်” ဟု ၎င်းက ဆိုသည်။
အဆိုပါ ရောဂါဖြစ်ပွားရသည့်အကြောင်းရင်းအား စုံစမ်းစစ်ဆေးနေဆဲဖြစ်ကြောင်း၊ ကနဦးစစ်ဆေးမှုရလဒ်များရ ရိုတာဗိုင်းရပ်စ် (Rota Virus) ကြောင့်ဖြစ်သည့် လက္ခဏာတွေ့ရှိရကြောင်း ဝန်ကြီးက ဖြည့်စွက်ပြောကြားခဲ့သည်။
အဆိုပါ ဝမ်းပျက်ရောဂါအား ကပ်ရောဂါအသွင်ဖြစ်လာခြင်းမှ ကာကွယ်ရန် ပြည်သူ့ကျန်းမာရေး အထူးကုများ၊ အာဟာရပညာရှင်များ၊ ကလေးအထူးကုဆရာဝန်များ၊ ရောဂါဗေဒပညာရှင်များ၊ ဓာတ်ခွဲခန်းများနှင့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်းကဲ့သို့သော အခြား အဖွဲ့အစည်းများပါဝင်သည့် အဖွဲ့အား ဝန်ကြီးဌာနက ဖွဲ့စည်းခဲ့ကြောင်း သိရသည်။
“တုန့်ပြန်ရေးလုပ်ဆောင်မှုအရ အခြေအနေအားလုံး သေချာစွာ ကိုင်တွယ်နိုင်ရန် ရောဂါဖြစ်ပွားတဲ့ခရိုင်တွေဆီကို အဖွဲ့ခြောက်ဖွဲ့ စေလွှတ်ထားခဲ့ပြီး မှန်ကန်စွာ ပြုမူနေထိုင်ဖို့ အကောင်အထည်ဖော်ခဲ့ပါတယ်” ဟု ၎င်း ပြောကြားခဲ့သည်။ (Xinhua)