Africa & Middle East
မော်ရိုကို ထောင်ဖောက်မှုတွင် လူ ၃၇ ဦး ဒဏ်ရာရ
ရာဘတ်၊ ဇူလိုင် ၃၀ ရက် (ဆင်ဟွာ)
မော်ရိုကိုနိုင်ငံတွင် ထောင်ဖောက်မှု ဖြစ်ပွားခဲ့ရာ လုံခြုံရေး ဝန်ထမ်း ၂၈ ဦး အပါအဝင် လူ ၃၇ ဦး ဒဏ်ရာရရှိခဲ့ ကြောင်း ဒေသခံ မီဒီယာများက ဇူလိုင်လ ၂၉ ရက်က သတင်း တင်ပြထားသည်။
ကာဆာဘလန်ကာမြို့၊ အိုကာချာ အကျဉ်းထောင်ရှိ လူငယ် ပြုပြင် မွမ်းမံရေးနှင့် စည်းကမ်းထိန်းသိမ်းရေး စင်တာက အကျဉ်းသား တစ်စုသည် ဇူလိုင်လ ၂၈ ရက် ညသန်းခေါင်းယံ အချိန်၌ ထောင်ဖောက်ရန် ကြိုးစားခဲ့ခြင်း ဖြစ်ပြီး ယင်းထောင်ဖောက်မှု၌ ဒဏ်ရာရရှိသည့် အကျဉ်းသား ၉ ဦးကို Mohammed V ဆေးရုံသို့ ပို့ဆောင်ခဲ့ကြောင်း ဆေးရုံရှိ သတင်းရင်းမြစ်အား ကိုးကား၍ Hespress.com သတင်းဆိုဒ် တစ်ခု၌ ဖော်ပြထားသည်။
ထောင်ဖောက်ရန် ကြံစည်ထားသည့် ဆယ်ကျော်သက် အကျဉ်းသား တစ်စုသည် အကျဉ်းထောင် အတွင်း မီးရှို့ ခဲ့ကြပြီး အခြေအနေ ရှုပ်ထွေးနေစဉ် လက်နက် ရယူရန်အတွက် အစောင့်များအား တိုက်ခိုက်ခဲ့ကြောင်း၊ ထောင်ဖောက်ထွက်ရန် ထရပ်ကား သုံးစီးအား ယူခဲ့ကြောင်း၊ လုံခြုံရေး တပ်ဖွဲ့ဝင်များကလည်း သေနတ်များ ပစ်ခတ်ပြီး ၎င်းတို့ ထွက်ခွာမည့် လမ်းကြောင်းပေါ်၌ ပိတ်ဆို့ထားခဲ့ရကြောင်း သိရသည်။
ထို့ပြင် လုံခြုံရေး တပ်ဖွဲ့များသည် အကျဉ်းထောင် အနီးတဝိုက်၌ နေရာယူထားသလို အထူး ကွန်မန်ဒိုများကလည်း အခြားထိခိုက်မှုများ ကာကွယ်ရန်နှင့် အခြေအနေကို ထိန်းသိမ်းရန် ထောင်အတွင်းသို့ ဝင်ရောက်၍ အခြေအနေများအား ထိန်းသိမ်းခဲ့ကြောင်း သိရသည်။ (Xinhua)