Connect with us

Africa & Middle East

အာဖဂန်နစ္စတန် မြောက်ပိုင်းတွင် ဗုံးပေါက်ကွဲမှုကြောင့်လူ ၁၃ ဦး ဒဏ်ရာရရှိ

အာဖဂန်နစ္စတန် နိုင်ငံအတွင်း အကြမ်းဖက် တိုက်ခိုက်မှု တစ်ခု ဖြစ်ပွားအပြီးတွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)

အာဖဂန်နစ္စတန်၊ ဇူလိုင် ၂၉ ရက် (ဆင်ဟွာ)

အာဖဂန်နစ္စတန် နိုင်ငံ မြောက်ပိုင်း Balghlan ပြည်နယ်ရှိ ဈေးတစ်ခုတွင် ဇူလိုင်လ ၂၈ ရက် လုံခြုံရေး ဆောင်ရွက် နေသည့် ရဲတပ်ဖွဲ့အား ပစ်မှတ်ထား၍ ဗုံးဖောက်ခွဲခဲ့သောကြောင့် လူ ၁၃ ဦးခန့် ဒဏ်ရာ ရရှိခဲ့ကြောင်း ဒေသခံ တာဝန်ရှိသူများက ပြောကြားခဲ့သည်။

ပြည်နယ် အုပ်ချုပ်ရေးမှူး Gowhar Baburi က အကြမ်းဖက်သမား သည် လက်လုပ်ဗုံး တစ်လုံးအား သုံးဘီးဆိုင်ကယ်၌ တပ်ဆင်ကာ Balghlan-e-Markazi ပြည်နယ်တွင် ဒေသ စံတော်ချိန် ညနေ ၆း၄၅ နာရီ ပတ်ဝန်းကျင်က ဖောက်ခွဲခဲ့ခြင်း ဖြစ်ကြောင်းနှင့် ပေါက်ကွဲမှုကြောင့် ၁၃ ဦး ဒဏ်ရာ ရရှိခဲ့ကြောင်း ဆင်ဟွာသို့ ပြောကြားခဲ့သည်။

၎င်းက တိုက်ခိုက်မှု၏ အဓိက ပစ်မှတ်သည် ယင်းဧရိယာ တွင် လုံခြုံရေး ဆောင်ရွက်နေသည့် အာဖဂန် ဒေသခံ ရဲတပ်ဖွဲ့ (ALP) ဖြစ်ကြောင်း ပြောကြားသည်။

ဒဏ်ရာရရှိသူ ၁၃ ဦး မှာ ALP ရဲဝန်ထမ်း နှစ်ဦးနှင့် ပြည်သူ ၁၁ ဦး ဖြစ်ကြောင်း သိရသည်။ ထိခိုက်ဒဏ်ရာ ရရှိသူများအား နီးစပ်ရာ ဆေးရုံသို့ ပို့ဆောင်ပေးထားပြီး တစ်ဦးတစ်ယောက်မျှ အခြေအနေ မစိုးရိမ်ရကြောင်း တာဝန်ရှိသူက ပြောသည်။

အစိုးရသည် အာဖဂန် ဒေသခံ ရဲတပ်ဖွဲ့ (ALP) အား စစ်တပ်နှင့် ရဲတပ်ဖွဲ့ နည်ပါးသည့် နိုင်ငံအတွင်းရှိ ကျေးရွာများ နှင့် ဒေသများအား ကာကွယ်ရန် ၂၀၁၀ ခုနှစ်တွင် ဖွဲ့စည်းပေးခဲ့ကြောင်း သိရသည်။

ယင်းတိုက်ခိုက်မှုကို မည်သည့် အဖွဲ့အစည်းက လုပ်ဆောင်ခြင်းဖြစ်ကြောင်း မသိရှိရသေးသော်လည်း တာလီဘန် စစ်သွေးကြွ အဖွဲ့သည် ယခင်က အဆိုပါ တိုက်ခိုက်မှုမျိုး လုပ်ဆောင်ခဲ့ဖူးကြောင်း သိရသည်။

အာဖဂန်နစ္စတန်နိုင်ငံ ဆိုင်ရာ ကုလသမဂ္ဂ အထောက်အပံ့ပေးရေး အဖွဲ့ (UNAMA) ၏ ဇူလိုင်လ ၂၅ ရက်နေ့တွင် ထုတ်ပြန်သည့် အစီရင်ခံစာအရ ၂၀၁၆ ခုနှစ် အတွင်း အာဖဂန်နစ္စတန်၌ နိုင်ငံသား ၁,၆၀၁ ဦးသေဆုံးခဲ့ပြီး ၃,၅၆၅ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။ (Xinhua)