Africa & Middle East
အစ္စရေးအကျဉ်းထောင်၌ ဆေးကုသမှု မရ၍ ပါလက်စတိုင်းအကျဉ်းသားသေဆုံး

ရာမာလာ ၊ နိုဝင်ဘာ ၂၇ ရက်(ဆင်ဟွာ)
အစ္စရေးအကျဉ်းထောင်တစ်ခုအတွင်း ပါလက်စတိုင်းအကျဉ်းသား Sami Abu Diak သေဆုံးခဲ့ရခြင်းမှာ ဆေးဝါးကုသမှု မခံရခြင်းကြောင့် ဖြစ်ကြောင်း ပါလက်စတိုင်းသတင်းအရင်းအမြစ်များက နိုဝင်ဘာ ၂၆ ရက်တွင် အတည်ပြုခဲ့သည်။
ပါလက်စတိုင်းလွတ်မြောက်ရေးအဖွဲ့(PLO) ၏ အကျဉ်းသားရေးရာကော်မရှင်က အသက် ၃၆ နှစ်အရွယ် Abu Diak သေဆုံးရခြင်းမှာ “ သူ့ရဲ့ကျန်းမာရေးအခြေအနေမကောင်းဘူး ဆိုတာကို လအတန်ကြာကတည်းက အသိပေးခဲ့တယ် ၊ ဒါပေမယ့် ဆေးဝါးကုသမှု မရခဲ့ဘူး ၊ သူ့ကို ရည်ရွယ်ချက်ရှိရှိ သတ်လိုက်တာပဲ ” ဟု စွပ်စွဲပြောကြားခဲ့သည်။
“ပါလက်စတိုင်းအကျဉ်းသားများနေ့”တွင် တက်ကြွလှုပ်ရှားသူများက အကျဉ်းကျနေဟန် ဂါဇာ၌ သရုပ်ဖော် ဆန္ဒပြနေစဉ်(ဓာတ်ပုံ-အင်တာနက်)
အစ္စရေးနိုင်ငံအတွင်းရှိ အကျဉ်းထောင်တစ်ခုအားတွေ့ရစဉ်(ဓာတ်ပုံ-အင်တာနက်)
Abu Diak သည် ၂၀၀၂ ခုနှစ် စက်တင်ဘာလကတည်းက အကျဉ်းကျခံခဲ့ရပြီး ၎င်းသည် အစ္စရေးစစ်ဘက်ဆိုင်ရာတရားရုံးတစ်ခုမှ ထောင်ဒဏ် နှစ် ၃၀ ချမှတ်ခံထားရသူဖြစ်သည်။
၎င်းသည် ပြီးခဲ့သော ဇူလိုင်လ နောက်ပိုင်း အစ္စရေးအကျဉ်းထောင်အတွင်း သေဆုံးသွားခဲ့ရသည့် တတိယမြောက် ပါလက်စတိုင်းအကျဉ်းသား တစ်ဉီးဖြစ်ကြောင်း သိရသည်။
ပါလက်စတိုင်း တစ်စိတ်တစ်ပိုင်းအစိုးရ အကျဉ်းသားများဆိုင်ရာ အသင်း (PPC) က ၁၉၆၇ ခုနှစ်မှ စတင်ကာ အစ္စရေးအကျဉ်းထောင်များအတွင်း သေဆုံးခဲ့ရသည့် ပါလက်စတိုင်းလူမျိုး ၂၂၂ ဉီးထိ ရှိကြောင်း ဆိုထားသည်။
Abu Diak သည် ထောင်တွင်း နှိပ်စက်ညှင်းဆဲခံရကြောင်း နှင့် ၂၀၁၅ ခုနှစ်တွင် ခွဲစိတ်ကုသမှုတစ်ခု ခံရပြီးနောက် ဆေးဝါးကုသမှု မရရှိခဲ့တော့ကြောင်း PPC ကဆိုသည်။ ၎င်းသည် နောက်ပိုင်းတွင် ကင်ဆာရောဂါဝေဒနာ ခံစားခဲ့ရကြောင်း သိရသည်။
အစ္စရေးနိုင်ငံအကျဉ်းထောင်များတွင် ပါလက်စတိုင်းအကျဉ်းသား ၅,၅၀၀ ဉီးခန့်ရှိကြောင်း ၊ ယင်းတို့အနက် ၇၀၀ ခန့်မှာ ဖျားနာ(သို့မဟုတ်) ထိခိုက်ဝေဒနာ ခံစားနေရကြောင်း ၊ ၎င်းတို့ထဲတွင် ကင်ဆာရောဂါခံစားနေရသူ ၃၀ ဉီးရှိကြောင်း တရားဝင် အချက်အလက်များအရ သိရသည်။
နိုဝင်ဘာ ၂၆ ရက် နံနက်အစောပိုင်းတွင် အစ္စရေးအကျဉ်းထောင်အာဏာပိုင်များက ကြေညာချက်တစ်စောင်ထုတ်ပြန်ခဲ့ပြီး Abu Diak သည် Nitzan အကျဉ်းထောင်အတွင်း ကျန်းမာရေးမကောင်းသဖြင့် သေဆုံးသွားကြောင်း ဖော်ပြထားသည်။(Xinhua)