Africa & Middle East
အစ္စရေး ရှေးဟောင်း ဆိပ်ကမ်း အနီးတွင် အဏ္ဏဝါ ဗေဒနှင့်ဆိုင်သော ရှေးဟောင်း အမွေအနှစ်များ ရှာဖွေ တွေ့ရှိ
ဂျေရုစလမ် ၊ မေ ၁၇ ရက် (ဆင်ဟွာ)
အစ္စရေး နိုင်ငံ ရေငုပ်သမားများသည် Caesarea အစ္စရေး ရှေးဟောင်း ဆိပ်ကမ်း အနီးတွင် ရှေးဟောင်း အမွေအနှစ် ပစ္စည်းများကို ရှာဖွေ တွေ့ရှိခဲ့ကြောင်း အစ္စရေးနိုင်ငံ ရှေးဟောင်း ပစ္စည်းများ အာဏာပိုင် အဖွဲ့ (IAA) က မေလ ၁၆ ရက်တွင် ပြောကြားသည်။
အပျော်တမ်း ရေငုပ်သမား နှစ်ဦးသည် ရေအောက်တွင် နစ်မြုပ်နေသော ကုန်တင် သင်္ဘော တစ်စီးမှ ထောင်ပေါင်း များစွာသော ငွေဒင်္ဂါးပြားများ နှင့် အခြား ရှေးဟောင်း အမွေအနှစ်များကို ရှာဖွေ တွေ့ရှိခဲ့ကြောင်း နှင့် ၎င်းမှာ နှစ်ပေါင်း သုံးဆယ်အတွင်း ပင်လယ် ရေအောက်မှ အများဆုံး ရှာဖွေ တွေ့ရှိသော ရှေးဟောင်း ပစ္စည်းများ ဖြစ်ကြောင်း IAA တာဝန်ရှိသူများက ပြောကြားသည်။
ရေငုပ်သမား နှစ်ဦးသည် ပင်လယ်အောက်မှ ရှာဖွေ တွေ့ရှိခဲ့သော ကုန်တင်သင်္ဘောအား IAA အဖွဲ့သို့အပ်နှံခဲ့ကြောင်း နှင့် ၎င်းသင်္ဘောမှာ လွန်ခဲ့သော နှစ်ပေါင်း ၁,၆ဝဝ (ရောမခေတ် နှောင်းပိုင်း) က နစ်မြုပ်ခဲ့သော သင်္ဘော တစ်စီးဖြစ်ကြောင်း သိရသည်။ IAA အဖွဲ့မှ ရှေးဟောင်း သုသေတန ပညာရှင်များသည် ရေငုပ်သမား နှစ်ဦးနှင့် မတူ ပင်လယ်ပြင်တွင် နစ်မြုပ်နေသော သင်္ဘောကြီးအား လေ့လာခဲ့ရာ ကျောက်ဆူးများ ၊ သစ်သား ကျောက်ဆူး အကြွင်းအကျန်များ နှင့် ရေကြောင်း သွားလာရေး အသုံးအဆောင်များကို တွေ့ရှိခဲ့သည်ဟု ဆိုသည်။
“ ပစ္စည်းအများစုက ကြေးနဲ့လုပ်ထားတာပါ။ လက်ရာတွေက အင်မတန်ပဲ ထူးခြား ပြောင်မြောက် လှပါတယ်” ဟု IAA အဖွဲ့၏ မေလ ၁၆ ရက် ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ ၎င်းရှာဖွေ တွေ့ရှိထားသော ပစ္စည်းများတွင် Sol နေနတ်သား ၊ Luna လနတ်သမီး ပုံတူ နှင့် ဦးခေါင်းတွင် အာဖရိက ကျွန်ပုံ ဖန်တီးထားသည့် ကြေးမီးအိမ် တစ်လုံး နှင့် အရွယ်အစား သုံးမျိုးရှိ ကြေးရုပ်တု အစိတ်အပိုင်းများလည်း ပါဝင်သည်။
အဆိုပါ ရှာဖွေ တွေ့ရှိမှုနှင့် ပတ်သက်ပြီး IAA အဖွဲ့၏ အဏ္ဏဝါဗေဒ ဆိုင်ရာရှေးဟောင်း သုသေသနဌာန ညွှန်ကြားရေးမှူး Jacoh Sharivt က “ သမိုင်းဝင် ရှာဖွေ တွေ့ရှိမှုကြီးပါပဲ” ဟု ချီးကျူးစကား ဆိုခဲ့သည်။
ပစ္စည်းများကို ရှာဖွေတွေ့ရှိခဲ့သော တည်နေရာ အနေအထားအရ ၎င်းကုန်တင်သင်္ဘောသည် အသစ်တဖန် ပြန်လည် သန့်စင်မည့် သတ္တုများကို တင်ဆောင်၍ ဆိပ်ကမ်းမှ ထွက်ခွာစဉ် မုန်တိုင်းမိပြီး ပင်လယ်လှိုင်း ရိုက်ခတ်မှု ၊ ကျောက်ဆောင်များနှင့် ရိုက်ခတ်မှုကြောင့် တိမ်းမှောက်သွားခြင်း ဖြစ်နိုင်ကြောင်း Sharvit က ပြောကြားသည်။ (Xinhua)