Africa & Middle East
အီရတ်နိုင်ငံ အရှေ့ပိုင်းရှိ ကော်ဖီဆိုင် တိုက်ခိုက်ခံရ၊ လူ ၇ ဦးသေဆုံး

BAQUBA ၊ အီရတ်၊ ဖေဖော်ဝါရီ ၉ ရက် (ဆင်ဟွာ)
အီရတ်နိုင်ငံ အရှေ့ပိုင်း ဒီယာလာပြည်နယ်ရှိ လူအများအပြားရှိနေသည့် ကော်ဖီဆိုင် တစ်ဆိုင်အား ဖေဖော်ဝါရီလ ၈ ရက်က သေနတ်သမားတစ်စုက ဝင်ရောက်တိုက်ခိုက်ခဲ့ရာ လူ ၇ ဦးသေဆုံးခဲ့ကြောင်း ဒေသဆိုင်ရာ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။
အဆိုပါ တိုက်ခိုက်မှုသည် ညပိုင်းတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး အီရန်နိုင်ငံနှင့်နယ်စပ်အနီး Khanaqin မြို့အနီးရှိ လူသိများသော ကော်ဖီဆိုင် တစ်ဆိုင်အား သေနတ်သမားများက ဝင်တိုက်ခဲ့ခြင်းဖြစ်ကြောင်း ယင်းမြို့နယ်အနီးက Saadiyah မြို့တော်ဝန် Ahmed al-Zarkoushi က ဆင်ဟွာသို့ ပြောကြားခဲ့သည်။
အခင်းဖြစ်ပွားရာနေရာတဝိုက်အား ရဲတပ်ဖွဲ့က ပိတ်ထားခဲ့ပြီး တိုက်ခိုက်သူများအား ရှာဖွေခဲ့ကြောင်း Zarkoushi က ပြောသည်။
အဆိုပါ တိုက်ခိုက်မှုနှင့်ပတ်သက်၍ မည်သည့်အဖွဲ့ကမျှ တာဝန်ယူထားခြင်းမရှိသေးကြောင်း၊ သို့သော်လည်း အိုင်အက်စ်အဖွဲ့က အီရတ်နိုင်ငံအတွင်းရှိ ဈေးများ၊ ကော်ဖီဆိုင်များနှင့် ဗလီများ အပါအဝင် လူထူထပ်သည့် နေရာများ၌ အကြီးအကျယ်တိုက်ခိုက်မှုအများစုအား လုပ်ဆောင်ခဲ့သည်။
ဒီယာလာပြည်နယ် အပါအဝင် အီရတ်နိုင်ငံအတွင်းရှိ အခြား ပြည်နယ်အများစုတွင် ၂၀၀၃ ခုနှစ်က အမေရိကန်နိုင်ငံ ဦးဆောင်ဝင်ရောက်လာပြီးနောက် ဆွန်နီနှင့် ရှီအိုက် လူမှုအသိုင်းအဝိုင်းများအကြား ဂိုဏ်းဂဏစွဲ တင်းမာမှုများနှင့် လက်တုန့်ပြန် လူသတ်မှုများ ခံစားခဲ့ရကာ အီရတ်နိုင်ငံသား အမြောက်အများ သေဆုံးမှုနှင့် ဒဏ်ရာရရှိမှုများ ကြုံတွေ့ခဲ့ရသည်။ (Xinhua)