Africa & Middle East
အီရန်ခြိမ်းခြောက်မှုကိုတုံ့ပြန်ရန် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အီရတ်နိုင်ငံသို့ ရုတ်တရက် ရောက်ရှိလာ
ဘဂ္ဂဒက်၊ မေ ၈ ရက်(ဆင်ဟွာ)
အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Mike Pompeoသည် မေ ၇ ရက်က အီရတ်နိုင်ငံ ဘဂ္ဂဒက်မြို့သို့ ရုတ်တရက်ရောက်ရှိလာပြီး အီရတ်ရှိ အမေရိကန်အကျိုးစီးပွားကို အာမခံမှုရရှိစေရန်နှင့် အီရန်၏ခြိမ်းခြောက်မှုကိုရင်ဆိုင်ရန် အီရတ်အစိုးရအား တောင်းဆိုခဲ့ကြောင်း သိရသည်။
Mike Pompeoသည် မူလသတ်မှတ်ထားသော ဂျာမဏီခရီးစဉ်ကို ရုတ်တရက် ဖျက်သိမ်းလိုက်ပြီး အီရတ်သို့ ၄ နာရီကြာ သွားရောက်လည်ပတ်ခဲ့ခြင်းဖြစ်သည်။
အီရတ်သို့ လာရောက်ခြင်းနှင့်ပတ်သတ်၍ Mike Pompeoက အီရန်လက်နက်ကိုင်တပ်ဖွဲ့၏ လှုပ်ရှားမှုများ တိုးမြှင့်လျက်ရှိရာ တိုက်စစ်ဆင်ရန်ခြိမ်းခြောက်မှုမှာ အထူးသိသာထင်ရှားသလို နီးကပ်နေပြီဖြစ်ကြောင်း ထည့်သွင်းပြောကြားခဲ့သည်။
အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Mike Pompeoသည် အီရတ် သမ္မတ Barham Salih ၊ဝန်ကြီးချုပ် Adel Abdul Mahdiတို့နှင့်တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။ ထိုသို့ တွေ့ဆုံရာတွင် အီရတ်ရှိ အမေရိကန် အကျိုးစီးပွားကို ထိန်းသိမ်းပေးရန်အရေးကြီးပုံကို ဆွေးနွေးခဲ့ကြရာ အီရတ်နိုင်ငံသမ္မတနှင့် ဝန်ကြီးချုပ်တို့ကလည်း အမေရိကန်၏အကျိုးစီးပွားကို ကာကွယ်ရန်မှာ ၎င်းတို့၏တာဝန်ဖြစ်သည်ကို နားလည်အာမခံကြောင်း ပြောကြားခဲ့သည်ဟု Mike Pompeoက တွေ့ဆုံဆွေးနွေးမှုအပြီး မီဒီယာများကို ပြောကြားခဲ့သည်။
အမေရိကန်က အီရတ်နိုင်ငံသားများထဲတွင် ရှီယိုလ်မူဆလင်များသည် ဘာသာရေးအရ အီရန်နှင့်နီးကပ်သော ဆက်ဆံရေးရှိသည့်အတွက် စိုးရိမ်လျက်ရှိကြောင်း၊ အီရတ်၏လုံခြုံရေးအတွက် ၎င်းအခြေအနေကို ထိန်းချုပ်မှုပြုရန် အမေရိကန်အနေဖြင့် တိုက်တွန်းကြောင်း Mike Pompeoက ပြောကြားခဲ့သည်။
ယခုကာလများအတွင်း အမေရိကန်နှင့်အီရန်၏ဆက်ဆံရေးမှာ တစ်နေ့တစ်ခြားတင်းမာလျက်ရှိသည်။ ပြီးခဲ့သောနှစ် မေလတွင် အမေရိကန်သည် အီရန်နျူကလီးယားသဘောတူညီချက်မှ နုတ်ထွက် ကြောင်း ကြေညာခဲ့ပြီး အီရန်အပေါ်ပိတ်ဆို့မှုများ ဆောင်ရွက်ခဲ့သည်။ ယခုနှစ် ဧပြီတွင် အမေရိကန် က အီရန်အစ္စလာမ္မစ်တော်လှန်ရေး တပ်ဖွဲ့(IRGC)ကို အကြမ်းဖက်အဖွဲ့အစည်းအဖြစ် ကြေညာခဲ့ရာ မကြာမီ အီရန်ကလည်း အမေရိကန် ဗဟိုစစ်ဌာနချုပ်နှင့် ၎င်း၏ အနောက်အာရှတွင် အခြေစိုက်ထားသည့် တပ်ဖွဲ့အား အကြမ်းဖက် အဖွဲ့အစည်းအဖြစ် ကြေညာခဲ့ သည်။ မေ ၁ ရက်တွင် အီရန်နိုင်ငံ အမြင့်ဆုံးခေါင်းဆောင် Ali Khameneiက အမေရိကန်၏ နယ်ပယ်စုံ ထိုးနက်တိုက်ခိုက်မှုများ ကို ရင်ဆိုင်ရန် အီရန်တစ်နိုင်ငံလုံး က ပြင်ဆင်ထားရန် ပြောကြားခဲ့သည်။ အမေရိကန်ကလည်း လွန်ခဲ့သည့်ရက်များက လေယာဉ်တင် သင်္ဘောနှင့်ဗုံးကြဲလေယာဉ်အထူးတပ်ဖွဲ့ များကို ဗဟိုစစ်ဌာနချုပ်ထိန်းချုပ်သည့် ဧရိယာအတွင်း တပ်ချထားပြီး အီရန်၏ဖြစ်နိုင်ဖွယ်ခြိမ်းခြောက် မှုများကို တုံ့ပြန်သွားမည်ဟု ဆိုသည်။ (Xinhua)