Africa & Middle East
အီသီယိုးပီးယားနိုင်ငံတွင် အကျင့်ပျက်ခြစားမှုနှင့်ပတ်သက်၍ စစ်တပ်အဆင့်မြင့်အရာရှိကြီး ၂၇ ဦးအား ဖမ်းဆီး

အဒစ် အဘာဘာ ၊ နိုဝင်ဘာ ၁၃ ရက်(ဆင်ဟွာ)
အီသီယိုးပီးယားနိုင်ငံ အကျင့်ပျက်ခြစားမှုနှင့်ပတ်သက်၍ စစ်တပ်အဆင့်မြင့်အရာရှိကြီး ၂၇ ဦးကို ယခုရက်ပိုင်းများတွင် ဖမ်းဆီးခဲ့ကြောင်း ရှေ့နေချုပ် Berhanu Tsegaye က နိုဝင်ဘာ ၁၂ ရက်တွင် ပြောကြားခဲ့သည်။
၎င်းတို့ကျူးလွန်သည့် အကျင့်ပျက်ခြစားမှုမှာ ၂၀၁၁ ခုနှစ်မှ ၂၀၁၇ ခုနှစ်အတွင်း ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း၊ အမေရိကန်ဒေါ်လာ ၂ ဘီလီယံ တန်ဖိုးရှိသည့် လေယာဉ်၊သင်္ဘောနှင့် ကရိန်းကား စသည်တို့ကို တရားမဝင် ဝယ်ယူခြင်း၊ ဝယ်ယူမည့်ငွေကြေးအား အလွဲသုံးစားလုပ်ခြင်းနှင့် သက်ဆိုင်မှု ရှိနိုင်ကြောင်း Berhanu Tsegayeက နိုဝင်ဘာ ၁၂ ရက်တွင် ကျင်းပသည့် သတင်းစာ ရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်။
ဆက်လက်၍ Berhanu Tsegayeက အီသီယိုးပီးယားတွင် စစ်တပ်ကျောထောက်နောက်ခံရှိသော လုပ်ငန်းတစ်ခု သည် အကြီးစားအခြေခံအဆောက်အဦတည်ဆောက်ရေး စီမံကိန်းများတွင် ပါဝင် ဆောင်ရွက်လျက်ရှိ ရာ အကျင့်ပျက်ခြစားမှုများက ယင်းစီမံကိန်းများနှင့်လည်း ဆက်စပ်မှုရှိနိုင်ကြောင်း ပြောကြားခဲ့သည်။
ထို့အပြင် ထောက်လှမ်းရေးအရာရှိ ၃၆ ဦးကိုလည်း ညှင်းပန်းနှိပ်စက်မှု၊ သတ်ဖြတ်မှု၊ မုဒိမ်းမှုဖြင့် ယခုရက်ပိုင်းများတွင် ဖမ်းဆီးထားကြောင်း Berhanu Tsegayeက ဆိုသည်။ (Xinhua)