Africa & Middle East
မက်ဒါဂတ်စ်ကာနိုင်ငံ သမ္မတ ရွေးကောက်ပွဲ မဲပေးခြင်းစတင်

အန်တန်နာနာရီဗို၊ ဒီဇင်ဘာ ၁၉ ရက် (ဆင်ဟွာ)
မက်ဒါဂတ်စ်ကာနိုင်ငံတွင် ဒီဇင်ဘာလ ၁၉ ရက်၌ သမ္မတဟောင်းနှစ်ဦး ပါဝင်ယှဉ်ပြိုင်လျက်ရှိသော သမ္မတသစ်ရွေးကောက်ပွဲ ဒုတိယအကျော့အတွက် မဲဆန္ဒရှင်များက ဆန္ဒမဲပေးလျက်ရှိကြောင်း သိရသည်။
ဆန္ဒမဲပေးရန် စာရင်းပေးထားသူ ၉ သန်းကျော်ရှိပြီး နိုင်ငံတစ်ဝန်း မဲရုံ ၂၄,၈၅၂ တွင် ဒေသစံတော်ချိန် နံနက် ၆း၀၀ နာရီမှ ညနေ ၅း၀၀ နာရီအထိ ဆန္ဒမဲပေးနိုင်မည် ဖြစ်သည်။
ဒုတိယအကျော့ ရွေးကောက်ပွဲတွင် အသွင်ကူးပြောင်းရေးသမ္မတဟောင်း အန်ဒရီ ရာဂျိုလီနာ (Andry Rajoelina) နှင့် သမ္မတဟောင်း မာ့ခ် ရာဗာလိုမန်နာနာ (Marc Ravalomanana) တို့ ယှဉ်ပြိုင်နေခြင်း ဖြစ်သည်။
မက်ဒါဂတ်စ်ကာနိုင်ငံ သမ္မတရွေးကောက်ပွဲအား နိုဝင်ဘာလ ၇ ရက်တွင် ကျင်းပခဲ့ခြင်း ဖြစ်ပြီး ကိုယ်စားလှယ် ပေါင်း ၃၆ ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့သော်လည်း ပထမအကျော့၌ မည်သည့် ကိုယ်စားလှယ်လောင်းကမျှ မဲအရေအတွက် ၅၀ ရာခိုင်နှုန်း မရရှိသဖြင့် ထောက်ခံမှု အမြင့်ဆုံး ရရှိခဲ့သည့် ကိုယ်စားလှယ် နှစ်ဦးအကြား ယှဉ်ပြိုင်ရန် အမျိုးသား ရွေးကောက်ပွဲကော်မရှင် (INEC) က ကြေညာခဲ့သည်။
ရွေးကောက်ပွဲရလဒ်များအား ဒီဇင်ဘာလ ၃၁ ရက်တွင် ကြေညာမည် ဖြစ်ကြောင်း INEC အရသိရသည်။ (Xinhua)