Africa & Middle East
ပျောက်ဆုံးနေသည့် Chibok မိန်းကလေးများထဲမှ တစ်ဦးအား ပြန်လည်တွေ့ရှိ

အဘူဂျာ၊ မေ ၁၉ ရက် (ဆင်ဟွာ)
နိုင်ဂျီးရီးယားနိုင်ငံ အရှေ့မြောက်ပိုင်း ဘော်နိုပြည်နယ်တွင် ဘိုကိုဟာရမ်၏ မြေပြင်သင်တန်းကျောင်းကြီး တစ်ခု ဖြစ်သော Sambisa တောအတွင်း ဒေသခံ စေတနာ့ဝန်ထမ်း ကယ်ဆယ်ရေးအဖွဲ့တစ်ခုက ကယ်ဆယ်ရေး လုပ်ငန်း လုပ်ဆောင်နေစဉ် Chibok မြို့မှ ပျောက်ဆုံးနေသည့် မိန်းကလေး ၂၁၉ ဦးအနက် တစ်ဦးအား ပြန်လည် ရှာတွေ့ခဲ့ကြောင်း ဒေသဆိုင်ရာ သတင်းရင်းမြစ်များက မေလ ၁၈ ရက်ကပြောသည်။
Amina Nkeki ဟု အမည်ရသည့် ထို မိန်းကလေးအား အရပ်သား ပူးတွဲအလုပ်အဖွဲ့က မေလ ၁၇ ရက်က ရှာတွေ့ခဲ့ကြောင်း အနောက် အာဖရိကနိုင်ငံရှိ Bring Back Our Girls (BBOG) လှုပ်ရှားမှု၏ ခေါင်းဆောင် ဘက်ကီ ရှောင်နာဘဲ ကပြောသည်။ နိုင်ဂျီးရီးယား အခြေစိုက် အကြမ်းဖက်အဖွဲ့ တစ်ဖွဲ့ဖြစ်သော ဘိုကိုဟာရမ်သည် ၂၀၁၄ ခုနှစ် ဧပြီလ ၁၄ ရက်က အဆိုပါ ပျောက်ဆုံးနေသော မိန်းကလေးများအား Chibok မြို့ရှိ ၎င်းတို့၏ ကျောင်းဆောင်များမှ အဓမ္မဖမ်းဆီး ခေါ်ဆောင်သွားခဲ့သည်။ ထိုအချိန်က မိန်းကလေး စုစုပေါင်း ၂၇၆ ဦးအား အဓမ္မ ဖမ်းဆီးခေါ်ဆောင်သွားခြင်း ဖြစ်ပြီး ၅၇ ဦးမှာ ထွက်ပြေး လွတ်မြောက်ခဲ့ပြီး လက်ရှိ ၂၁၉ ဦးမှာ ဖမ်းဆီးခံထားရခြင်း ဖြစ်သည်။ ယင်းတို့အနက် Amina Nkeki အား ရှာဖွေတွေ့ရှိခဲ့ခြင်း ဖြစ်ကြောင်း၊ တွေ့ရှိချိန်၌ Amina Nkeki မှာ ရင်သွေးတစ်ဦး ရရှိနေပြီ ဖြစ်ကြောင်း သတင်း များအရ သိရသည်။ (Xinhua)