Africa & Middle East
လစ်ဗျား နိုင်ငံ အစိုးရ တပ်ဖွဲ့ ၏ လေကြောင်း ဗုံးကြဲ တိုက်ခိုက်မှုကြောင့် IS အစွန်းရောက် အဖွဲ့ဝင် အများအပြား သေဆုံး
တူနီးရှား ၊ နိုဝင်ဘာ ၁၆ ရက် (ဆင်ဟွာ)
လစ်ဗျား နိုင်ငံ လေတပ် သည် နိုဝင်ဘာ ၁၅ ရက်နေ့က IS အစွန်းရောက် အဖွဲ့အစည်း တည်ရှိရာ Sirte မြို့အနီးတစ်ဝိုက်ရှိ တပ်စခန်း များကို ဗုံးကြဲ တိုက်ခိုက်ခဲ့ရာ အစွန်းရောက် အဖွဲ့ဝင် အများအပြား သေဆုံးခဲ့ကြောင်း သိရှိရသည်။
လစ်ဗျား အစိုးရ တပ်ဖွဲ့ မှ အမည်မဖော်လိုသူ တစ်ဦး က ဆင်ဟွာ သတင်းဌာန သို့ ပြောကြား ခဲ့ရာတွင် IS အစွန်းရောက် အဖွဲ့ဝင်များသည် Sirte မြို့ အရှေ့ဘက်ရှိ မြို့တွင် စုဝေးရောက်ရှိလာကြောင်း ကို သိရှိခဲ့ရသဖြင့် လေကြောင်း ဗုံးကြဲ တိုက်ခိုက်မှု ၄ ကြိမ် ဆောင်ရွက်ခဲ့ကြောင်း ၊ ကင်းထောက်လေယာဉ် များမှ ရိုက်ကူးခဲ့သည့် ရုပ်သံများအရ IS တပ်ဖွဲ့ ၏ တပ်စခန်းများအားလုံး ကို ဖျက်ဆီး နိုင်ခဲ့ပြီး ဗုံးကြဲ တိုက်ခိုက်ခဲ့သည့် နေရာများတွင် ဆယ်နှင့်ချီသော IS တပ်ဖွဲ့ ဝင်များ ၏ ရုပ်အလောင်းများကို မြင်တွေ့ ခဲ့ရကြောင်း ပြောကြား ခဲ့သည်။
လစ်ဗျား နိုင်ငံ အစိုးရ တပ်ဖွဲ့ သည် IS တပ်ဖွဲ့ဝင်များ က Sirte မြို့ အနီးရှိ ရေနံမြေ ကို တိုက်ခိုက်မည့် သတင်းကို ရရှိခဲ့သည့် အတွက် လေကြောင်း တိုက်ခိုက်မှုများ ဆောင်ရွက်ခဲ့ခြင်း ဖြစ်ကြောင်း သိရှိရသည်။
လစ်ဗျား နိုင်ငံ စုံစမ်းစစ်ဆေးရေး ဌာန ၏ အောက်တိုဘာ လပိုင်းတွင် ထုတ်ပြန် ခဲ့သည့် ကြေညာချက်အရ IS အစွန်းရောက် တပ်ဖွဲ့ လစ်ဗျား တပ်ဖွဲ့ခွဲ သည် ၂၀၁၆ ခုနှစ် နှစ်ကုန်ပိုင်းတွင် Sirte မြို့ တောင်ပိုင်း ဒေသ သို့ ဆုတ်ခွာသွားကြောင်း သိရှိခဲ့ရသည်။ လေ့လာသုံးသပ်သူများက IS အစွန်းရောက် တပ်ဖွဲ့ လစ်ဗျား တပ်ဖွဲ့ခွဲ အနေဖြင့် လစ်ဗျား နိုင်ငံ တွင် မြို့များအား သိမ်းပိုက်နိုင်သည့် အင်အား မရှိတော့ တော်လည်း လက်နက်မချဘဲ တောင်ပိုင်းဒေသများ တွင် စုဝေးကာ အချိန်မရွေး တိုက်ခိုက်မှု များဆောင်ရွက်ရန် ပြင်ဆင်နေကြောင်း သုံးသပ်ခဲ့ကြသည်။(Xinhua)