Asia
ဂျပန်တွင် စိတ်လွတ်နေသူ တစ်ဦး ဓားဖြင့် လိုက်ခုတ်မှုကြောင့် လူ ၁၉ ဦး သေဆုံး၊ ၃၀ နီးပါး ဒဏ်ရာရ
တိုကျို၊ ဇူလိုင် ၂၆ ရက် (ဆင်ဟွာ)
ဂျပန်နိုင်ငံ တိုကျိုမြို့ အနောက်ပိုင်း ကန်နာဂါဝါ စီရင်စုရှိ မသန်စွမ်းသူများ စောင့်ရှောက်ရေး ဂေဟာ တစ်ခုကို စိတ်လွတ်နေသူ တစ်ဦးက ဓားဖြင့် ဝင်ခုတ်ခဲ့ရာ လူ ၁၉ ဦး သေဆုံးသလို လူပေါင်း ၃၀ နီးပါး ဒဏ်ရာ ရရှိခဲ့ပြီး ယင်းအနက် လူ ၂၀ ဦးမှာ စိုးရိမ်ဖွယ် ဒဏ်ရာများ ရရှိခဲ့ကြောင်း ဒေသဆိုင်ရာ ရဲတပ်ဖွဲ့နှင့် စုံစမ်းစစ်ဆေးရေး သတင်း ရင်းမြစ်များက ပြောကြားခဲ့သည်။
ဓားဖြင့် ဝင်ခုတ်သူမှာ အသက် ၂၆ နှစ် အရွယ် ဆာတိုရှီ အုအဲမာစု (Satoshi Uematsu) ဆိုသူ ဖြစ်ပြီး ဒေသ စံတော်ချိန် နံနက် ၃း၀၀ နာရီအချိန်၌ သွေးများဖြင့် ပေကျံလျက် ၎င်းကိုယ်တိုင် စုကူအိ ရဲစခန်းသို့ လာရောက် အဖမ်းခံခဲ့သည်။
အုအဲမာစု က မသန်စွမ်းသူများ အနေဖြင့် အသက်ရှင်နေခြင်းထက် သေဆုံးသွားတာက ပိုပြီး ကောင်းကြောင်း ရဲစခန်းကို ပြောကြားခဲ့သည်ဟု ဆိုသည်။
မည်သည့် အကြောင်းကြောင့် ထိုသို့ လုပ်ဆောင်ရခြင်းကိုမူ စုံစမ်းနေဆဲ ဖြစ်ကြောင်း ဒေသဆိုင်ရာ စုံစမ်းစစ် ဆေးသူများထံမှ သိရသည်။
ဓားခုတ်မှု ဖြစ်ပွားသည့် ဂေဟာပြင်ပ၌ လုံခြုံရေးများနှင့် သတင်းသမားများအား တွေ့ရစဉ် (ဆင်ဟွာ)
အုအဲမာစုသည် ယင်းဂေဟာ အနီးတွင် နေထိုင်သူ ဖြစ်ကြောင်း၊ သွေးစွန်းနေသည့် ဓားများနှင့် ဘလိတ်ဒါး အရွယ်မျိုးစုံအား လွယ်အိတ် အပြည့်ထည့်ကာ လွယ်ထားကြောင်းနှင့် စိတ်ဝေဒနာ ခံစားနေရသည်ဟု ယူဆရ ကြောင်း အခင်းဖြစ်ရပ်နှင့် နီးကပ်သည့် သတင်းရင်းမြစ်များက ဇူလိုင်လ ၂၆ ရက်၌ ပြောကြားခဲ့သည်။
ယခု အခင်းဖြစ်ပွားရာ ဂေဟာသည် တိုကျိုမြို့လယ်မှ ကီလိုမီတာ ၅၀ အကွာတွင်ရှိပြီး အနီး၌ လူနေအိမ်များနှင့် မူလတန်း ကျောင်း တစ်ကျောင်းရှိကြောင်း၊ အကျယ်အဝန်းအားဖြင့် စတုရန်းမီတာ ၃၀,၀၀၀ ရှိပြီး အင်္ဂလိပ်လို Tsukui Lily Garden ဟု အမည်ရကြောင်း၊ ဒေသဆိုင်ရာ အစိုးရက တည်ထောင်ထားပြီး လက်ရှိ လူမှုဝန်ထမ်း ဦးစီးဋ္ဌာနမှ ဦးစီး လုပ်ကိုင်နေကြောင်း၊ လူဦးရေ ၁၆၀ ကျော် နေထိုင်နိုင်ပြီး အခင်းဖြစ်ပွားစဉ်တွင် လူဦးရေ ၁၄၉ ဦးရှိကြောင်းနှင့် အများစုမှာ အသက် ၆၀ နှစ်ကျော်များ ဖြစ်ကြောင်း သိရသည်။ (Xinhua)