Asia
နီပေါနိုင်ငံတွင် မုန်တိုင်းကြောင့် လူ ၁ ဦးသေဆုံးပြီး ၄၀ ဦးခန့် ဒဏ်ရာရ
ခတ္တမန္ဒူ၊ ဇွန် ၇ ရက် (ဆင်ဟွာ)
နီပေါနိုင်ငံ ကိုင်လာလီနှင့် ကန်ချာပူခရိုင်များရှိ ကျေးရွာများစွာ၌ ဇွန်လ ၆ ရက်ညနေပိုင်းက အားကောင်းသော မုန်တိုင်းတစ်ခု တိုက်ခတ်ခဲ့ပြီး အနည်းဆုံး လူ ၁ ဦးသေဆုံးကာ အခြားသူ ၃၇ ဦး ဒဏ်ရာရရှိခဲ့ကြောင်း အာဏာပိုင်များက ပြောကြားခဲ့သည်။
“ကျေးရွာတွေကို မုန်တိုင်းဝင်လျှင်ဝင်ချင်းပဲ ဒေသခံအုပ်ချုပ်ရေးက ကယ်ဆယ်ရေးလုပ်ငန်းတွေ လုပ်ဆောင်ခဲ့ပါတယ်။ မုန်တိုင်းကြောင့် နေအိမ်များ၊ အများပြည်သူနဲ့ ပုဂ္ဂလိကပိုင် မော်တော်ယာဉ်တွေလည်း ပျက်စီးသွားခဲ့တယ်” ဟု ပြည်ထဲရေး ဗဟိုဝန်ကြီးဌာန အတွင်းဝန် Prem Kumar Rai က ဆင်ဟွာသို့ ပြောခဲ့သည်။
ဒေသခံအာဏာပိုင်များက မုန်တိုင်းဒဏ်သင့်သော ဒေသများမှ သတင်းအချက်အလက် လိုက်လံစုဆောင်းနေသောကြောင့် သေဆုံးသူအရေအတွက် မြင့်တက်မည်ဟု ခန့်မှန်းရကြောင်း ၎င်းက ဆိုသည်။
သစ်ပင်များနှင့် လျှပ်စစ်မီးများ လဲကျခြင်းကြောင့် ကယ်ဆယ်ရေးလုပ်ငန်းများအား နှောင့်နှေးလျက်ရှိကြောင်း တာဝန်ရှိသူများ ပြောကြားချက်အရ သိရသည်။ ဒဏ်ရာရသူများအား ဆေးကုသမှုခံယူရန် ဒေသခံဆေးရုံများသို့ အလျင်အမြန်ပို့ဆောင်ခဲ့ရကြောင်း သိရသည်။
ယခုနှစ် ဧပြီလကလည်း နီပေါနိုင်ငံ တောင်ပိုင်း ဘာရာနှင့် ပါစာခရိုင်များတွင် အားပြင်းသောမုန်တိုင်း တိုက်ခိုက်ခဲ့သဖြင့် လူပေါင်း ၃၀ သေဆုံးပြီး ရာပေါင်းများစွာ ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ (Xinhua)