Connect with us

Asia

နီပေါနိုင်ငံသို့ ခရီးသွားဧည့်သည်ဝင်ရောက်မှု တရုတ်နိုင်ငံက နှစ်လဆက်တိုက် ထိပ်ဆုံး၌ ရပ်တည်

နီပေါနိုင်ငံ ခတ္တမန္ဒူမြို့ရှိ ယူနက်စကိုစာရင်းဝင် Hanumandhoka Durbar ရင်ပြင်တွင် လာရောက်လည်ပတ်နေကြသည့် ခရီးသွားဧည့်သည်များအား တွေ့ရစဉ် (ဆင်ဟွာ)

ခတ္တမန္ဒူ၊ မတ် ၁၂ ရက် (ဆင်ဟွာ)

နီပေါနိုင်ငံသို့ ဖေဖော်ဝါရီလတွင် တရုတ်ခရီးသွားဧည့်သည် ၁၈,၃၁၃ ဦး ရှိခဲ့ပြီး နိုင်ငံခြားခရီးသွားဧည့်သည် ဝင်ရောက်မှုစာရင်းအရ တရုတ်နိုင်ငံက နှစ်လဆက်တိုက် ထိပ်ဆုံးနေရာတွင်ရှိနေကြောင်း နီပေါနိုင်ငံ ခရီးသွားလုပ်ငန်းဘုတ်အဖွဲ့ (NTB) က မတ်လ ၁၁ ရက်တွင် ပြောကြားလိုက်သည်။

နီပေါနိုင်ငံသို့ ဖေဖော်ဝါရီလအတွင်း သီရိလင်္ကာနိုင်ငံမှ ခရီးသွားဧည့်သည် ၁၄,၈၃၁ ဦး၊ အိန္ဒိယနိုင်ငံမှ ၁၄,၅၇၁ ဦး အသီးသီး ရောက်ရှိခဲ့ကြောင်း သိရသည်။

ထို့ပြင် စတုတ္ထမြောက် အရင်းအမြစ်ဈေးကွက်အဖြစ် ထိုင်းနိုင်ငံမှ ခရီးသွားဧည့်သည် ၁၄,၃၂၂ ဦး လာရောက်ခဲ့ပြီး အမေရိကန်နိုင်ငံမှ ခရီးသွားဧည့်သည် ၇၁၃၃ ဦးလာရောက်ခဲ့ကာ ပဉ္စမနေရာတွင် ရှိခဲ့ကြောင်း နီပေါနိုင်ငံ အဓိက ခရီးသွားလုပ်ငန်း မြှင့်တင်ရေးလုပ်ငန်း NTB အရ သိရသည်။

နီပေါနိုင်ငံသို့ ဖေဖော်ဝါရီလအတွင်း နိုင်ငံခြားခရီးသွားဧည့်သည်ဝင်ရောက်မှု စုစုပေါင်း ၁၂၄,၄၂၁ ဦး ရှိခဲ့ပြီး ၂၀၁၈ ခုနှစ် အလားတူကာလထက် ၃၉ ရာခိုင်နှုန်း တိုးလာခဲ့ကြောင်း NTB ထံမှ သိရသည်။

နီပေါနိုင်ငံသို့ ဇန်နဝါရီလတွင်လည်း တရုတ်ခရီးသွားဧည့်သည် ၁၅,၃၄၃ ဦး ဝင်ရောက်ခဲ့ပြီး ထိပ်ဆုံးနေရာ၌ ရပ်တည်ခဲ့ကြောင်း၊ အိန္ဒိယနိုင်ငံက ဒုတိယနေရာတွင် ရှိနေခဲ့ကြောင်း NTB က ဆိုသည်။

နီပေါနိုင်ငံက ၂၀၂၀ ပြည့်နှစ်တွင် ခရီးသွားနှစ် (Visit Nepal Year 2020) အဖြစ် ဦးတည်ချက်ထားကာ ဆောင်ရွက်နေခြင်းဖြစ်ပြီး နိုင်ငံခြားခရီးသွားဧည့်သည် ၂ သန်း ဝင်ရောက်ရန် ရည်မှန်းထားကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.