Asia
ပါကစ္စတန် အနောက်မြောက်ရှိ ဈေးဧရိယာတွင် ပေါက်ကွဲမှု ဖြစ်ပွား၊ လူ ၅ ဦး သေ၊ ၂၅ ဦးဒဏ်ရာရ

အစ္စလာမ်မာဘတ်၊ မတ် ၃၁ ရက် (ဆင်ဟွာ)
ပါကစ္စတန်နိုင်ငံ အနောက်မြောက်ဘက် ပါရာချီနား မျိုးနွယ်စုနယ်မြေရှိ ဈေးတစ်ခုတွင် ယနေ့ (မတ်လ ၃၁ ရက်) ပေါက်ကွဲမှု ဖြစ်ပွားခဲ့ရာ အနည်းဆုံး လူ ၅ ဦး သေဆုံးပြီး ၂၅ ဦး ဒဏ်ရာရရှိခဲ့ကြောင်း Urdu မီဒီယာက သတင်းတင်ပြထားသည်။
အာဖဂန်နစ္စတန် နယ်စပ်နယ်မြေများဖြစ်သည့် ပါရာချီနားရှိ Noor ဈေးတွင် ပေါက်ကွဲမှု ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း၊ ဒဏ်ရာရရှိသူများအား နီးစပ်ရာ ဆေးရုံများသို့ ပို့ဆောင်ခဲ့ပြီး ယင်းနယ်မြေကိုလည်း အရေးပေါ် အခြေအနေ ကြေညာထားကြောင်း သိရသည်။ပေါက်ကွဲမှု ဖြစ်ပွားသည့် နေရာ အနီးဝန်းကျင်ရှိ ဈေးဆိုင် ၁၅ ဆိုင်ခန့် ပျက်စီးသွားခဲ့သည်။ ပေါက်ကွဲမှု ဖြစ်ပွားသည့် နေရာသို့ လုံခြုံရေး တပ်ဖွဲ့များ ချက်ချင်း ရောက်လာခဲ့ပြီး ယင်းနေရာတဝိုက်အား လုံခြုံရေးစည်း တားထားကြောင်း သိရသည်။ပေါက်ကွဲမှုနှင့် ပတ်သက်၍ မည့်သည့်အဖွဲ့၏ လက်ချက်ဖြစ်ကြောင်း ပြောကြားထားခြင်း မရှိသေးပေ။ (Xinhua)