Asia
ဗီယက်နမ် မဲခေါင်မြစ်ဝှမ်း ဒေသ ဆန်စပါး ထုတ်လုပ်မှု ကျဆင်း
ဟိုချိမင်း စီးတီး၊ မေ ၂ ရက် (ဆင်ဟွာ)
ဗီယက်နမ်နိုင်ငံ မဲခေါင်မြစ်ဝှမ်း ဒေသ၌ မိုးခေါင် ရေရှားမှုနှင့် ရေငန် ဝင်ရောက်မှု များကြောင့် ဆောင်း- နွေဦး ကာလ ဆန်စပါး သီးနှံ စုစုပေါင်း ထုတ်လုပ်မှုမှာ တန်ချိန် ၁၀.၄ သန်း တန်ချိန်သာ ရှိခဲ့ပြီး မနှစ်က အလားတူ ကာလက ထက် ၆.၃ ရာခိုင်နှုန်း ကျဆင်းသွားခဲ့ကြောင်း စိုက်ပျိုးရေးနှင့် ကျေးလက် ဖွံ့ဖြိုးမှု ဝန်ကြီးဋ္ဌာနက မေလ ၂ ရက်က ပြောကြားခဲ့သည်။
မိုးခေါင် ရေရှားမှုနှင့် ရေငန် ဝင်ရောက်မှုများကြောင့် အဆိုပါ မြစ်ဝှမ်းဒေသ အတွင်း ဆောင်း- နွေဦး စပါး ဟက်တာ ၂၀၀,၀၀၀ ကျော် ပျက်ဆီးခဲ့သည်။ ထို့ကြောင့် ဆန်စပါး ထုတ်လုပ်မှုများမှာ Kien Giang ပြည်နယ် တွင် ၃၁၂,၀၀၀ တန်နှင့် Tra Vinh ပြည်နယ်တွင် ၁၆၉,၀၀၀ တန် စသဖြင့် အသီးသီး ကျဆင်းခဲ့သည်။
မိုးခေါင် ရေရှားမှုနှင့် ရေငန် ဝင်ရောက်မှုများအား ကိုင်တွယ်ရန် မဲခေါင် မြစ်ဝှမ်းဒေသများတွင် အရေးပါသည့် စပါး မျိုးစေ့ တစ်မျိုးတည်း၊ နှစ်မျိုး သို့မဟုတ် သုံးမျိုးသာ ရွေးချယ် စိုက်ပျိုးကြရန်နှင့် စက်တင်ဘာလတွင် ရိတ်သိမ်း ကြရန် လယ်ယာစိုက်ပျိုးရေး အေဂျင်စီများက အကြံပြုထားသည်။
မိုးခေါင်ခြင်းနှင့် အစားအစာ ရှားပါးမှုများကြောင့် ဗီယက်နမ် နိုင်ငံ အရှေ့တောင်ဘက် ဒေသနှင့် ကုန်းမြင့် ဒေသများ၌ ယခုနှစ်များအတွင်း ကျွဲနွား တိရစ္ဆာန် ရှားပါးမှုများနှင့် ရင်ဆိုင် နေရသလို ပြောင်းဖူး၊ ပဲပုပ်ပဲ၊ အာလူး စသည့် ကောက်ပဲသီးနှံ စိုက်ပျိုးမှုများလည်း နိုင်ငံ တစ်ဝန်း နှေးကွေးခဲ့ရသည်။ (Xinhua)