Asia
အိန္ဒိယနိုင်ငံ သတင်းထောက်တစ်ဦး သေနတ်သမားများ၏ ပစ်သတ်ခံရ
နယူးဒေလီ၊ ဇန်နဝါရီ ၅ရက်(ဆင်ဟွာ)
အိန္ဒိယနိုင်ငံ အရှေ့ပိုင်း Bihar ပြည်နယ် ရှိ ဒေသတွင်းနေ့စဉ်သတင်းစာ တစ်စောင်တွင် အလုပ်လုပ်နေသည့် သတင်းထောက်တစ်ဦး သေနတ်ဖြင့် ပစ်သတ်ခံရကြောင်း တာဝန်ရှိသူများက ဇန်နဝါရီ ၄ရက်တွင် ပြောကြားခဲ့သည်။
Bihar ပြည်နယ် မြို့တော် Patnaမြို့ အရှေ့ဘက် ၈၆ကီလိုမီတာအကွာ Samastipurခရိုင် ရှိ Salakhni ရွာ၌ သတင်းထောက်အသတ်ခံရခြင်းဖြစ်ကြောင်း သိရသည်။
ရဲအရာရှိတစ်ဦးက Hindi နေ့စဉ်သတင်းစာတွင် သတင်းထောက်အဖြစ်လုပ်ကိုင်လျက်ရှိသော Braj Kumar Singh သည် ၎င်း၏ အိမ်အပြင်ဘက် ရှိ အုတ်ဖုတ်လုပ်ငန်းမှ အလုပ်သမားများနှင့် စကားပြောနေစဉ် အမည်မသိသေနတ်သမားတချို့က သေနတ်ဖြင့် အဆက်မပြတ်ပစ်ခတ်ခဲ့ခြင်းဖြစ်သည်ဟု မျက်မြင်တွေ့ရှိသူများ၏ ပြောကြားချက်အရ သိရကြောင်း ပြောကြားခဲ့သည်။
Singh အား သေနတ်ဖြင့် ပစ်ခတ်ပြီးနောက် သေနတ်သမားများသည် အခင်းဖြစ်ပွားရာမှ လွတ်မြောက်သွားကြကြောင်း မျက်မြင်တွေ့ရှိခဲ့သူတစ်ဦးက မီဒီယာသို့ပြောကြားခဲ့သည်။
ဒေသခံများက Singh အား ဆေးရုံသို့ ပို့ဆောင်ခဲ့သော်လည်း ဆရာဝန်များက ၎င်းသည် လမ်းခရီး၌ပင် သေဆုံးခဲ့ကြောင်း အတည်ပြုပြောကြားခဲ့သည်။
ရဲအရာရှိက Singh၏ ရင်ဘတ်၊ ဝမ်းဗိုက်နှင့် ဦးခေါင်းတို့တွင် သေနတ်ထိမှန်ခဲ့ကြောင်း ပြောကြားခဲ့သည်။
လွန်ခဲ့သည့် ဒီဇင်ဘာလကလည်း Rohtashခရိုင်ရှိ ဒေသတွင်းနေ့စဉ်သတင်းစာ တစ်ခုမှ သတင်းထောက်တစ်ဦး သေနတ်ဖြင့် ပစ်သတ်ခံခဲ့ရကြောင်း သိရသည်။
၂၀၁၅ခုနှစ်အတွင်း အိန္ဒိယနိုင်ငံ၌ သတင်းထောက် ကိုးဦး အသတ်ခံရကြောင်း နယ်စည်းမခြား သတင်းထောက်များအဖွဲ့က ပြောကြားခဲ့သည်။
နယူးယောက်အခြေစိုက် သတင်းထောက်များအကာအကွယ်ပေးရေး ကော်မတီက အိန္ဒိယနိုင်ငံသည် သတင်းထောက်များအတွက် အန္တရာယ်များသော နေရာတစ်ခုဖြစ်လာကြောင်း ပြောကြားခဲ့သည်။ (Xinhua)