Connect with us

Asia

ကမ္ဘောဒီးယား နိုင်ငံရေး လေ့လာသုံးသပ်သူ အသတ်ခံရမှု တရားခံအား စွဲချက်နှစ်ခုဖြင့် တရားစွဲဆို

အသတ်ခံရသည့် ကမ္ဘောဒီးယား နိုင်ငံရေးလေ့လာသုံးသပ်သူ Kem Ley အားတွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)

ဖနွမ်းပင်၊ ဇူလိုင် ၁၃ ရက် (ဆင်ဟွာ)

ကမ္ဘောဒီးယားနိုင်ငံ၏ ထင်ရှားသည့် နိုင်ငံရေး လေ့လာသုံးသပ်သူ Kem Ley အသတ်ခံရမှုတွင် လူသတ်သမား အဖြစ် သံသယ ရှိသူ ကမ္ဘောဒီးယား အမျိုးသား တစ်ဦးအား ဖမ်းဆီးထားပြီး ပြစ်မှုထင်ရှားပါက ၎င်းသည် တစ်သက် တစ်ကျွန်း ပြစ်ဒဏ် ချမှတ်ခံရနိုင်ကြောင်း တရားရုံး၏ ပြောရေးဆိုခွင့်ရှိသူက ဇူလိုင်လ ၁၃ ရက်တွင် ပြောကြားခဲ့သည်။

ကမ္ဘောဒီးယားနိုင်ငံ မြို့တော် ဖနွမ်းပင်ရှိ မီနီမတ်ကက် အတွင်း၌ လူမှုဖွံ့ဖြိုး တိုးတက်မှု အဖွဲ့အစည်း၏ ဒါရိုက်တာ၊ နိုင်ငံရေး လေ့လာသုံးသပ်သူ Kem Ley အား အသက် ၃၈ နှစ်အရွယ် Chuob Samlab အမည်ရှိ လူသတ်တရားခံ က သေနတ်ဖြင့် ပစ်သတ်ခဲ့ပြီးနောက် မကြာမီပင် ၎င်းအား ဖမ်းဆီးနိုင်ခဲ့ကြောင်း သိရသည်။
ဖနွမ်းပင် တရားရုံး ပြောရေးဆိုခွင့်ရှိသူ Ly Sophanna က Kem Ley သေဆုံးမှုနဲ့ ပတ်သက်ပြီး တရားခံအား မေးခွန်းများ မေးမြန်းခြင်း ၊ သက်သေရှာဖွေခြင်းနှင့် အခြား စစ်ဆေးမှုများ ပြုလုပ်ပြီးနောက် ၎င်းအား ရည်ရွယ်ချက် ရှိရှိ လူသတ်မှုနှင့် တရားမဝင် လက်နက် ကိုင်ဆောင်မှု ဆိုင်ရာ ရာဇဝတ်မှု ဥပဒေ ပုဒ်မ နှစ်ခုဖြင့် စွဲချက်တင်ရန် ဆုံးဖြတ်ခဲ့ကြောင်း သတင်းထောက်များအား ပြောကြားခဲ့သည်။
နိုင်ငံတော် ပြစ်မှုဆိုင်ရာ ပုဒ်မများအရ တရားမဝင် လက်နက်ကိုင်ဆောင်မှုသည် ထောင်ဒဏ် ၆ လ မှ ၃ နှစ် အထိ ပြစ်ဒဏ် ချမှတ်ခံရမည် ဖြစ်၍ ယင်းတရားခံသည် တစ်သက်တစ်ကျွန်း ပြစ်ဒဏ် ချမှတ်ခံရမည် ဖြစ်ကြောင်း သိရသည်။
အမျိုးသား ရဲတပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ကြီး Kirt Chantharith က Chuob Samlab အား လူသတ်မှု ဖြစ်ပွားပြီးနောက် ပစ္စတို တစ်လက်ဖြင့် ဖမ်းမိခဲ့ကြောင်း ဇူလိုင်လ ၁၀ ရက်က ပြောကြားခဲ့သည်။
Kirt Chantharith က တရားခံသည် ပြစ်မှုအား ဖြောင့်ချက်ပေးခဲ့ပြီး Kem Ley သည် ၎င်းထံမှ အမေရိကန်ဒေါ်လာ ၃,၀၀၀ ချေးယူခဲ့သော်လည်း ပြန်လည်ပေးဆပ်ခြင်း မရှိသောကြောင့် Kem Ley နှင့် မကျေမလည် ဖြစ်ကာ ပစ်သတ်ခဲ့ခြင်း ဖြစ်ကြောင်း ပြောကြားခဲ့သည်။
သို့သော်လည်း ဗိုလ်ချုပ်ကြီး Kirt Chantharith က ရဲတပ်ဖွဲ့သည် တရားခံ၏ ဖြောင့်ချက်ပေးမှုအား လက်ခံယုံကြည်ခြင်း မရှိသေးကြောင်း နှင့် စုံစမ်းစစ်ဆေးမှုများ လုပ်ဆောင်ဆဲ ဖြစ်ကြောင်း ပြောကြားခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.