Asia
ကိုလံဘီယာ တွင် စစ်ရဟတ်ယာဉ် ပျက်ကျမှု ကြောင့် ၁၇ ဦး သေဆုံးကြောင်း စစ်တပ် အတည်ပြု

ဘိုဂိုတာ၊ ဇွန် ၂၈ ရက် (ဆင်ဟွာ)
ကိုလံဘီယာနိုင်ငံ Caldas ဒေသ အလယ်ပိုင်းရှိ Pensilvania စည်ပင်သာယာနယ်မြေ တွင် စစ်ရဟတ်ယာဉ် တစ်စီး ပျက်ကျခဲ့၍ ရဟတ်ယာဉ်ပေါ်၌ လိုက်ပါလာသူ ၁၇ ဦး စလုံး သေဆုံးခဲ့ကြောင်း စစ်ဦးစီးချုပ် က ဇွန် ၂၇ တွင်ပြောကြားခဲ့သည်။
ကိုလံဘီယာနိုင်ငံ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး Alberto Jose Mejia က ဇွန်လ ၂၆ ရက်နေ့ ညတွင် ဖြစ်ပွားခဲ့သည့် ရဟတ်ယာဉ်ပျက်ကျမှု အတွက် ဝမ်းနည်းရပါကြောင်း ပြောကြားခဲ့သည်။
အမျိုးသား တပ်မတော် ၏ MI-17 ရဟတ်ယာဉ် သည် စစ်သား ၁၂ဦး နှင့် ရဟတ်ယာဉ် အမှုထမ်း ၅ဦးကို တင်ဆောင်၍ ပျံသန်းလာစဉ် ဆိုးရွားသည့် ရာသီဥတုကြောင့် မြင်ကွင်း ဝေဝါးကာ တောင်တစ်လုံးဖြင့်တိုက်မိ၍ အစိတ်စိတ် အမွှာမွှာ ကျိုးပဲ့ပျက်စီးခဲ့ရကြောင်း စစ်ဦးစီးချုပ်၏ ပြောကြားချက်အရ သိရသည်။
ရဟတ်ယာဉ်တွင် လိုက်ပါလာကြသူများသည် Choco ဒေသ အမျိုးသား လွတ်မြောက်ရေး တပ်မတော် အမည်ရှိ သူပုန်အုပ်စု အား အောင်မြင်စွာ တိုက်ခိုက်နိုင်ခဲ့ပြီး Totlemaida စစ်အခြေစိုက်စခန်းသို့ အပြန် လမ်းကြောင်း တွင် ရဟတ်ယာဉ်ပျက်ကျခဲ့ခြင်း ဖြစ်ကြောင်း ဗိုလ်ချုပ်ကြီးက ပြောကြားခဲ့သည်။ (Xinhua)