Asia
ဂျပန်မြောက်ပိုင်းတွင် ဝက်ဝံကိုက်၍ လူ ၄ ဦး သေဆုံးပြီးနောက် သတိပေးချက် ထုတ်ပြန်
တိုကျို၊ ဇွန် ၁၄ ရက် (ဆင်ဟွာ)
ဝက်ဝံ တိုက်ခိုက် ခံထားရပုံပြီး သေဆုံးနေသည့် လူ ၄ ဦးအား တွေ့ရှိပြီးနောက် တောင်ထူထပ်သည့် နေရာများ အား ရှောင်ရှား နေထိုင်ကြရန် ဂျပန်နိုင်ငံ မြောက်ပိုင်း၌ နေထိုင်သူများအား သတိပေး ထားခဲ့ကြောင်း သိရသည်။
လတ်တလော ရှာဖွေ တွေ့ရှိထားသည့် လူ ၄ ဦး၏ ရုပ်အလောင်းများတွင် တွေ့ရသည့် ကိုက်ရာများနှင့် ကုတ်ခြစ်ရာများအရ တိရစ္ဆာန်ကြီး တစ်ကောင်၏ လက်ချက် ဖြစ်နိုင်ကြောင်း အကီတာ စီရင်စုရှိ ကာဇုနိုမြို့က တာဝန်ရှိသူ ရဲတပ်ဖွဲ့က ပြောကြားခဲ့ပြီး အလားတူ တိုက်ခိုက်မှုမျိုးများအား ကြိုတင်ကာကွယ်နိုင်ရန် တော တောင် ထူထပ်သည့် နေရာဝန်းကျင်ရှိ လူများအား သတိပေးထားခဲ့ခြင်း ဖြစ်သည်။
အကီတာစီရင်စုရှိ ရဲက ကြောက်မက်ဖွယ် ဒဏ်ရာများဖြင့် ဆိုးဝါးစွာ ကုတ်ဖဲ့ခံထားရသည့် အမျိုးသမီး တစ်ဦး၏ ရုပ်အလောင်းအား ဇွန်လ ၁၀ ရက် တွေ့ရှိခဲ့ပြီး ၎င်းအား မည်သူမည်ဝါ ဖြစ်ကြောင်း ခွဲခြားရန်ပင် မဖြစ်နိုင်ကြောင်း ဒေသဆိုင်ရာ အာဏာပိုင်များက ပြောသည်။
အာမိုရိ စီရင်စုအနီး နေထိုင်သည့် အသက် ၇၄ နှစ်အရွယ် စုဝါ ဆူဇူကီးသည် တောထဲတွင် တစ်ဦးတည်း တောရိုင်း သစ်ပင်များ ခူးနေစဉ်တွင် တိုက်ခိုက်ခြင်း ခံရကြောင်း သိရသည်။ ၎င်းသည် ဝက်ဝံ တိုက်ခိုက်ခြင်းကြောင့် သေဆုံးခဲ့သည့် လေးဦးမြောက် ဖြစ်သည်။
ဇွန်လ ၁၀ ရက်က ဆူဇူကီး သေဆုံးခဲ့သည့် နေရာမှ ၁၀ မီတာခန့် အကွာတွင် တောအုပ်တစ်ခုအတွင်း အာရှ ဝက်ဝံနက် အမ တစ်ကောင်အား တောလိုက်မုဆိုးများက ပစ်သတ်နိုင်ခဲ့သည်။
အကီတာ စီရင်စုအတွင်း ဝက်ဝံက လူအား တိုက်ခိုက်မှုမှာ မကြာခဏ ဖြစ်ပွားလေ့ရှိပြီး သဘာဝ ပတ်ဝန်းကျင် ဆိုင်ရာ ဝန်ကြီးဋ္ဌာန စာရင်းအရ ၁၉၇၉ ခုနှစ်မှ ၂၀၁၅ ခုနှစ်အထိ ဝက်ဝံ တိုက်ခိုက်မှုကြောင့် လူ ၈ ဦး သေဆုံးခဲ့ကြောင်း သိရသည်။ (Xinhua)