Asia
တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်နှင့် ထိုင်းနိုင်ငံ ဝန်ကြီးချုပ်တို့ တွေ့ဆုံ
ပေကျင်း၊ ဧပြီ ၂၇ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် ဒုတိယအကြိမ်မြောက် နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ခေတ်သစ်ပိုးလမ်းမကြီးဖိုရမ်သို့ တက်ရောက်လာသော ထိုင်းနိုင်ငံ ဝန်ကြီးချုပ် ပရာယွတ် ချန်-အို-ချာ (Prayut Chan-o-cha) နှင့် ဧပြီလ ၂၆ ရက်က တွေ့ဆုံခဲ့ကြောင်း သိရသည်။
တရုတ်နိုင်ငံနှင့် ထိုင်းနိုင်ငံတို့သည် နီးကပ်သည့် အိမ်နီးချင်းများဖြစ်ကြောင်း၊ ခေတ်သစ်ပိုးလမ်းမကြီး ဖော်ဆောင်မှု (BRI) ပူးတွဲ ဖွံ့ဖြိုးတိုးတက်မှုက ချစ်ကြည်ရင်းနှီးသော နှစ်နိုင်ငံ ဆက်ဆံရေးအား ပိုမိုကောင်းမွန်အောင် ပြုလုပ်ပေးလျက်ရှိကြောင်း သမ္မတ ရှီက ပြောကြားခဲ့သည်။
တရုတ်နိုင်ငံအနေဖြင့် ထိုင်းနိုင်ငံ၏ ပြည်တွင်း တည်ငြိမ်ရေးအား ထိန်းသိမ်းခြင်းနှင့် နိုင်ငံ ဖွံ့ဖြိုးတိုးတက်မှု မြှင့်တင်ခြင်း အားထုတ်ကြိုးပမ်းမှုများတွင် ဆက်လက်၍ ထောက်ခံပေးသွားမည်ဖြစ်ကြောင်းနှင့် နှစ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်မှုမဟာဗျူဟာများ ချိန်ညှိမှုခိုင်မာစေရန်နှင့် အရည်အသွေးမြင့်မားသော BRI ပူးပေါင်းဆောင်ရွက်မှု အဆင့်မြှင့်တင်ရန် ဆန္ဒရှိကြောင်း၊ နှစ်နိုင်ငံ ဆက်ဆံရေး ခိုင်မာစွာ မြှင့်တင်မှုပေးရန် ရှီက ပြောခဲ့သည်။
ထို့ပြင် အရှေ့တောင်အာရှနိုင်ငံများအသင်း (ASEAN) ၏ အလှည့်ကျဥက္ကဋ္ဌအဖြစ် ထိုင်းနိုင်ငံ၏ အခန်းကဏ္ဍအား တရုတ်နိုင်ငံက ထောက်ခံပါကြောင်းနှင့် တရုတ်နိုင်ငံက အာဆီယံ ကွန်ရက်ချိတ်ဆက်မှု အစီအစဉ်နှင့်အတူ BRI အား နက်ရှိုင်းစွာ ပူးပေါင်းရန် ဆန္ဒရှိပါကြောင်း သမ္မတ ရှီက ပြောကြားခဲ့သည်။
ထို့နောက် ထိုင်းနို်င်ငံ ဝန်ကြီးချုပ် ပရာယွတ်ကလည်း စီးပွားရေးတိုးတက်မှု၊ ဆင်းရဲနွမ်းပါးမှု လျှော့ချရေးနှင့် သဘာဝပတ်ဝန်းကျင် ကာကွယ်ရေး အပါအဝင် နယ်ပယ်များစွာ၌ တရုတ်နိုင်ငံ၏ အောင်မြင်မှုများအား အလေးထားကာ ပြောကြားခဲ့သည်။
ထိုင်းနိုင်ငံအနေဖြင့် လွန်ခဲ့သည့် ခြောက်နှစ်နီးပါးအကြာ BRI အစပြုစဉ်ကတည်းက အခြေခံအဆောက်အအုံနှင့် အချက်အလက် ကွန်ရက်ချိတ်ဆက်မှုမှ ကြီးမားစွာ အကျိုးကျေးဇူးရရှိခဲ့ကြောင်းနှင့် ထိုင်းနိုင်ငံက BRI ပူးပေါင်းဆောင်ရွက်မှုတွင် ဆက်လက်ထောက်ခံကာ တက်ကြွစွာဖြင့် ပါဝင်သွားမည် ဖြစ်ကြောင်း ထိုင်းဝန်ကြီးချုပ်က ပြောခဲ့သည်။ (Xinhua)