Asia
ထိုင်းနိုင်ငံ ဟွာဟင်း နှင့် ဆူရက်ဌာနီတို့၌ ဗုံးပေါက်ကွဲမှုများဖြစ်ပွား ၊ အနည်းဆုံး နှစ်ဦး သေဆုံး
ဘန်ကောက် ၊ သြဂုတ် ၁၂ ရက်(ဆင်ဟွာ)
ထိုင်းနိုင်ငံ၌ ဟွာဟင်း နှင့် ဆူရက်ဌာနီ တို့၌ သြဂုတ်လ ၁၁ ရက် ညပိုင်း နှင့် ၁၂ ရက်နံနက်ပိုင်းများ တွင်ဖြစ်ပွားခဲ့သော ဗုံးပေါက်ကွဲမှုဖြစ်စဉ်များကြောင့် အနည်းဆုံး လူ နှစ်ဦးသေဆုံးပြီး အမြောက်အမြားထိခိုက်ဒဏ်ရာရခဲ့ကြောင်းသိရသည်။
ဟွာဟင်းကမ်းခြေ၌ သြဂုတ် ၁၁ ရက် ညပိုင်းက ဖြစ်ပွားခဲ့သော ပေါက်ကွဲမှုဖြစ်စဉ်တွင် လူ တစ်ဦးသေဆုံးပြီး နိုင်ငံခြားသားများအပါအဝင် အခြား ၂၂ ဦးမှာ ထိခိုက်ဒဏ်ရာရခဲ့ကြောင်း သိရသည်။ ပထမဗုံးတစ်လုံးပေါက်ကွဲပြီး မိနစ်သုံးဆယ် ခန့်အကြာတွင် ၎င်းနေရာမှ မီတာ ၅ဝ ခန့်သာ ကွာဝေးသည့် ဟွာဟင်းဘီယာဘားထဲတွင် နောက်ထပ် ပေါက်ကွဲမှုတစ်ခု ထပ်မံဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
အဆိုပါဗုံးများကို အဝေးထိန်းစနစ်ဖြင့် ဖောက်ခွဲခဲ့ခြင်းဖြစ်ပြီး မည်သူမည်ဝါ လက်ချက်ဖြစ်ကြောင်းကို မသိရသေးကြောင်း ရဲတပ်ဖွဲ့ဝင်များက ဆိုသည်။ သေဆုံးသူများထဲတွင် ထိုင်းအမျိုးသမီးတစ်ဦး ပါဝင်ပြီး ထိခိုက်ဒဏ်ရာရသူများတွင် နိုင်ငံခြားသား ၁ဝ ဦးပါဝင်ကြောင်း ၊ ၎င်းတို့အနက် အများစုမှာ ဥရောပတိုက်သားများဖြစ်ကြောင်းသိရသည်။ ဒဏ်ရာရသူအားလုံးကို ဆေးရုံသို့ပို ့ဆောင်ထားကြောင်း ရဲတပ်ဖွဲ့ကပြောသည်။
တစ်ပြိုင်တည်းမှာပင် ထိုင်းနိုင်ငံတောင်ပိုင်း ဆူရက်ဌာနီပြည်နယ်၌ သြဂုတ်လ ၁၂ ရက်နံနက်ပိုင်းတွင် ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ရာ လူတစ်ဦးသေဆုံးပြီး အမြောက်အမြား ထိခိုက်ဒဏ်ရာရခဲ့ကြောင်းသိရသည်။
ဆူရက်ဌာနီ ရေကြောင်းဆိုင်ရာ ရဲစခန်း အရှေ့ပေါက်ကွဲမှုတွင် အသက် ၅၂ နှစ်အရွယ် ထိုင်းအမျိုးသမီးကြီး တစ်ဦး သေဆုံးခဲ့သည်။ ထို့ပြင် သြဂုတ်လ ၁၂ ရက် နံနက်ပိုင်းတွင် ဖူးခက်ပြည်နယ်၌ လည်း ဗုံးပေါက်ကွဲမှုတစ်ကြိမ်ဖြစ်ပွားခဲ့ရာ ဆိုင်ကယ်သမားတစ်ဦး ထိခိုက်ဒဏ်ရာရခဲ့ကြောင်းသိရသည်။
အဆိုပါ ပေါက်ကွဲမှုများသည် ထိုင်းနိုင်ငံ၏ လတ်တလောနိုင်ငံရေးအခြေအနေများနှင့်ဆက်နွယ်မှုရှိနိုင်ကြောင်း ခန့်မှန်းပြောဆိုချက်များကို ထိုင်းရဲတပ်ဖွဲ့က အတည်ပြုခြင်းမရှိသလို ငြင်းဆိုခြင်းလည်း မပြုခဲ့ကြောင်းသိရသည်။ထိုင်းနိုင်ငံတွင် သြဂုတ်လ ၇ ရက်က ပြည်သူ့ဆန္ဒခံယူပွဲပြုလုပ်ခဲ့ပြီး ထိုင်းစစ်တပ် ဦးဆောင်မည့် ဖွဲ့စည်းပုံအခြေခံဥပဒေကို ထောက်ခံမှုပေးခဲ့ကြောင်းသိရသည်။ (Xinhua)