Asia
ထိုင်းအစိုးရက သတင်းတုတုန့်ပြန်ရေးစင်တာကို နိုဝင်ဘာလတွင် တည်ထောင်မည်

ဘန်ကောက်၊ အောက်တိုဘာ ၁၄ ရက် (ဆင်ဟွာ)
ထိုင်းနိုင်ငံ ဒီဂျစ်တယ် စီးပွားရေးနှင့် လူမှုအဖွဲ့အစည်း ဝန်ကြီးဌာနက နိုဝင်ဘာလတွင် အသစ်တည်ထောင်မည့် “သတင်းတု တုန့်ပြန်ရေးစင်တာ” အား အစိုးရအရာရှိ ၄၀ ဦးက လုပ်ကိုင်သွားမည်ဖြစ်ကြောင်း အောက်တိုဘာ ၁၁ ရက်က ကြေညာလိုက်သည်။
အဆိုပါ စင်တာ၏ ဝန်ထမ်းများက လူမှုမီဒီယာ အပါအဝင် သတင်းရင်းမြစ်များအား စောင့်ကြည့်ကာ အချက်အလက်များကို စိစစ်ပြီး လိုအပ်သောအချက်အလက်များဖြင့် သတင်းရင်းမြစ်များထံ တုန့်ပြန်သွားမည်ဖြစ်ကြောင်း ဒီဂျစ်တယ် စီးပွားရေးနှင့် လူမှုအဖွဲ့အစည်း ဝန်ကြီး Buddhipongse Punnakanta က ပြောကြားခဲ့သည်။
“တကယ်တော့ ပြောဆိုချက်တွေကို စိစစ်ပြီး ဆုံးဖြတ်ဖို့ အချိန်နှစ်နာရီလောက် ယူရမယ်။ ပြီးရင် သတင်းတုတုန့်ပြန်ရေးစင်တာက အချက်အလက်တွေ ဖော်ပြထားတဲ့ infographic တစ်ခု ဖန်တီးပေးသွားမယ်” ဟု Buddhipongse က ဆိုသည်။
Infographic က မှန်ကန်သော အချက်အလက်မျှဝေရန် ထိရောက်သော နည်းလမ်းများဖြစ်ကြောင်း ဝန်ကြီးက ပြောခဲ့သည်။
အဆိုပါ စင်တာအနေဖြင့် သဘာဝဘေးအန္တရာယ်၊ ငွေရေးကြေးရေး၊ စီးပွားရေးကိစ္စရပ်များ၊ ကျန်းမာရေးဆိုင်ရာထုတ်ကုန်များ၊ တရားမဝင်ကုန်စည်များနှင့် အစိုးရမူဝါဒများ အပါအဝင် အများအားဖြင့် သတင်းတုလည်ပတ်လေ့ရှိသော နယ်ပယ်များစွာ၌ စောင့်ကြည့်သွားမည်ဖြစ်ကြောင်း Buddhipongse ပြောကြားချက်အရ သိရသည်။
စင်တာ၏ ရည်ရွယ်ချက်မှာ သတင်းတု ပြောဆိုခြင်းများအား တုန့်ပြန်ရန်အတွက်သာဖြစ်ပြီး သတင်းရင်းမြစ်များအား ဉပဒေအရအရေးယူရန်မဟုတ်ကြောင်း ဝန်ကြီးက ထပ်လောင်းပြောကြားခဲ့သည်။ (Xinhua)