Connect with us

Asia

နီပေါနိုင်ငံ ပြန်လည် ထူထောင်ရေး လုပ်ငန်းအတွက် တရုတ် နိုင်ငံမှ ယွမ် ၃ ဘီလီယံ ထပ်မံ ထောက်ပံ့

နီပေါ ငလျင်အပြီး ပြန်လည် ထူထောင်ရေး အစည်းအဝေး တက်ရောက်ရန် နီပေါ နိုင်ငံ ခတ္တမန္ဒူ မြို့သို့ ရောက်ရှိနေသော တရုတ် နိုင်ငံခြားရေး ဝန်ကြီး ဝမ်ရိနှင့် နီပေါ နိုင်ငံ ဝန်ကြီးချုပ် Sushil Koirala တို့ ဇွန်လ ၂၄ ရက်နေ့က တွေ့ဆုံခဲ့စဉ် (ဆင်ဟွာ)

ခတ္တမန္ဒူ ၊ ဇွန် ၂၅ ရက် (ဆင်ဟွာ)

ကမ္ဘာ့ နိုင်ငံပေါင်း ၅၀ ကျော်နှင့် အပြည်ပြည် ဆိုင်ရာ အဖွဲ့အစည်း များမှ ကိုယ်စားလှယ် များသည် ဇွန်လ ၂၅ ရက်နေ့က နီပေါ နိုင်ငံ ခတ္တမန္ဒူတွင် ကျင်းပသည့် အပြည်ပြည်ဆိုင်ရာ နီပေါ ငလျင်အပြီး ပြန်လည် ထူထောင်ရေး အစည်းအဝေးသို့ တက်ရောက် ခဲ့ကြသည်။

တရုတ် နိုင်ငံ ခြားရေး ဝန်ကြီးဌာန ဝန်ကြီး ဝမ်ရိမှ ငလျင်အပြီး နီပေါ နိုင်ငံ ပြန်လည်ထူထောင်ရေး လုပ်ငန်း အတွက် ယွမ် ၃ ဘီလီယံ ထောက်ပံ့ သွားမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။ တရုတ် နိုင်ငံသည် နီပေါ နိုင်ငံ ငလျင်ဖြစ်ပွား ခဲ့ပြီးနောက်ပိုင်း ကူညီထောက်ပံ့မှု များပြုလုပ်ခဲ့ပြီး ယခု ကျင်းပသော အစည်းအဝေးမှ ယွမ် ၃ ဘီလီယံ ထပ်မံ ထောက်ပံ့မည် ဖြစ်ကြောင်း ကြေညာ ခဲ့သည်။

ဝမ်ရိမှ တရုတ် နိုင်ငံနှင့် နီပေါ နိုင်ငံသည် တောတောင် ရေမြေချင်း ထိစပ်နေသော နိုင်ငံများ ဖြစ်ပြီး ညီအစ်ကို သဖွယ် ချစ်ကြည်ရင်းနှီးသော အိမ်နီးချင်းနိုင်ငံများ ဖြစ်ကြကြောင်း ၊ တရုတ် နိုင်ငံ အနေဖြင့် နီပေါ နိုင်ငံ ပြန်လည် ထူထောင်ရေး လုပ်ငန်း အတွက် တက်ကြွစွာ ပါဝင် ဆောင်ရွက် သွားမည် ဖြစ်ပြီး ကူညီ ထောက်ပံ့ နိုင်သော အရာများအား ကူညီ သွားမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။

နီပေါ နိုင်ငံတွင် ဧပြီလ ၂၅ ရက်နေ့နှင့် မေလ ၁၂ ရက်နေ့တွင် အင်အားပြင်းထန်သော ငလျင်ကြီး နှစ်ကြိမ် လှုပ်ခတ်ခဲ့ပြီး လူပေါင်း ၈,၈၃၂ ယောက် သေဆုံးကာ ၂၂,၀၀၀ ကျော် ဒဏ်ရာ ရရှိခဲ့သည်။ (Xinhua)