Asia
ပါကစ္စတန်တွင် ဂတ်စ် သယ်ဆောင်သည့်ကား ပေါက်ကွဲမှုကြောင့် ကျောင်းနေ အရွယ်ကလေး ၁၀ ဦး အပါအဝင် ၁၅ ဦး သေဆုံး
အစ္စလာမ်မာဘတ်၊ ဖေဖော်ဝါရီ ၁၀ ရက် (ဆင်ဟွာ)
ပါကစ္စတန် အရှေ့ပိုင်း ရှိတ်ခူပူရာ ခရိုင်၌ ဖေဖော်ဝါရီလ ၁၀ ရက် နံနက်ပိုင်းက ရေနံ ဓာတ်ငွေ့ရည် သယ်ဆောင်သည့် ကားတစ်စီးသည် အခြား ကားတစ်စီးနှင့် တိုက်မိ၍ ပြင်းထန်စွာ ပေါက်ကွဲရာက ကျောင်းသား ၁၀ ဦး အပါအဝင် လူ ၁၅ ဦးသေဆုံးကာ အများအပြား ဒဏ်ရာ ရရှိခဲ့ကြောင်း ဒေသခံ မီဒီယာက ဖော်ပြထားသည်။
မီးတောက်များသည် ကား သိုလှောင်ကန် အတွင်းသို့ ကူးစက်လာကာ ပေါက်ကွဲပြီးနောက် အနားက ဖြတ်သွားသည့် ကားများနှင့် ကလေးများအား တင်ဆောင်လာသည့် လန်ချား နှစ်စီးထံ မီး ကူးစက် လောင်ကျွမ်း ခဲ့ကြောင်း သိရသည်။
အဆိုပါ မတော်တဆမှုသည် နိုင်ငံ၏ အရှေ့ပိုင်း ပန်ဂျပ်ဒေသတွင် တည်ရှိသော ရှိတ်ခူပူရာ ခရိုင် မန်နန်ဝါလာ ဧရိယာတွင် ဒေသ စံတော်ချိန် နံနက် ၉း၂၀ နာရီက ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။
ဒဏ်ရာရှိခဲ့သည့် အမျိုးသမီးများနှင့် ကလေးငယ်များအား ခရိုင် ဆေးရုံသို့ ပို့ဆောင်ခဲ့ပြီး အများစုမှာ စိုးရိမ်ဖွယ် အခြေအနေတွင် ရှိနေကြောင်း သိရသည်။
ပန်ဂျပ် ပြည်နယ် ဝန်ကြီးချုပ် ရှာဘတ်ဇ် ရှာရစ်ဖ်က မတော်တဆမှု ဖြစ်ပွားခဲ့ခြင်းအား ဝမ်းနည်းကြောင်း ပြောကြားခဲ့ပြီး ထို မတော်တဆမှု ဖြစ်ပွားရသည့် အကြောင်းရင်းအား စုံစမ်းရန် ညွှန်ကြားခဲ့သည်။
ရဲတပ်ဖွဲ့၏ စုံစမ်းမှုအပြီး ထုတ်ပြန်လိုက်သည့် တရားဝင် ထုတ်ပြန်ချက်တွင် မတော်တဆမှု ဖြစ်ပွားရသည့် အကြောင်းရင်းအား ဖော်ပြထားသော်လည်း မျက်မြင် သက်သေများ ပြောကြားချက်မှာမူ သိုလှောင်ကားမောင်း သူမှာ မြူခိုးများ ပိတ်နေမှုကြောင့် ၎င်း၏ ယာဉ်အား မထိန်းနိုင်ဘဲ အနီးရှိ ကားကို ဝင်တိုက်ခဲ့သည်ဟု ဆိုသည်။ (Xinhua)