Asia
သယ်ယူပို့ဆောင်ရေး၊ စွမ်းအင်ဆိုင်ရာ သဘောတူ စာချုပ် ၁၃ ခု အိန္ဒိယနှင့် ယူအေအီး လက်မှတ်ရေးထိုး
နယူးဒေလီ၊ ဇန်နဝါရီ ၂၅ ရက် (ဆင်ဟွာ)
အိန္ဒိယနိုင်ငံသို့ အလည်အပတ် ရောက်ရှိနေသည့် Abu Dhabi ၏ အိမ်ရှေ့မင်းသား Mohammed Bin Zayed Al Nahyan နှင့် အိန္ဒိယနိုင်ငံ ဝန်ကြီးချုပ် နာရန်ဒြာ မိုဒီတို့သည် နယူးဒေလီမြို့တော်၌ နှစ်နိုင်ငံ ဆက်ဆံရေး မြှင့်တင်ရေး ဆွေးနွေးမှုအပြီး သဘောတူ စာချုပ် ၁၃ ခုအား ဇန်နဝါရီလ ၂၅ ရက်က လက်မှတ် ရေးထိုးခဲ့ကြောင်း သိရသည်။
ပင်လယ်ရေကြောင်း သယ်ယူပို့ဆောင်ရေး၊ လမ်းပန်းဆက်သွယ်ရေး၊ လယ်ယာစိုက်ပျိုးရေး၊ စွမ်းအင်နှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ သဘောတူညီချက်များအား နှစ်နိုင်ငံ ခေါင်းဆောင်များ၏ ရှေ့မှောက်တွင် ကိုယ်စားလှယ်များက လက်မှတ်ရေးထိုးခဲ့သည်။
အာရပ်စော်ဘွားများ ပြည်ထောင်စု (UAE) သည် အိန္ဒိယနိုင်ငံ၏ တန်ဖိုးထားသော မိတ်ဖက်နိုင်ငံ တစ်နိုင်ငံ ဖြစ်သလို ကမ္ဘာကြီး၏ အရေးပါသော ဒေသတွင် ရှိသော ရင်းနှီးသည့် မိတ်ဆွေ တစ်ဦး ဖြစ်ကြောင်း၊ စွမ်းအင်နှင့် ရင်းနှီးမြှုပ်နှံမှု အပါအဝင် အရေးပါသည့် နယ်ပယ်များ၌ ဆက်ဆံရေး ရေရှည်တည်တံ့စွာ ထိန်းသိမ်းရေးအတွက် သဘောတူခဲ့ကြောင်း အိန္ဒိယနိုင်ငံ ဝန်ကြီးချုပ် မိုဒီက ပြောသည်။
“အနောက် အာရှနဲ့ ပင်လယ်ကွေ့နိုင်ငံများအတွင်း ဖွံ့ဖြိုးမှုများအပေါ် အမြင်များအား ဖလှယ်ခဲ့ကြပြီး ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေးအကျိုးကျေးဇူးများကို နှစ်နိုင်ငံ မျှဝေသွားမယ်” ဟု မိုဒီက ပြောကြားခဲ့သည်။
အိမ်ရှေ့မင်းသားကြီး Mohammed Bin Zayed Al Nahyan သည် အိန္ဒိယနိုင်ငံသို့ သုံးရက်တာ ခရီးစဉ်အဖြစ် ဇန်နဝါရီလ ၂၄ ရက်က ရောက်ရှိခဲ့ပြီး ဇန်နဝါရီလ ၂၆ ရက်တွင် ပြုလုပ်မည့် အိန္ဒိယနိုင်ငံ အမျိုးသားနေ့ အခမ်းအနားသို့ တက်ရောက်မည် ဖြစ်သည်။ (Xinhua)