Asia
သီရိလင်္ကာနိုင်ငံတွင် ၇ ရက်အတွင်း အရက်မူးပြီးကားမောင်းသူ ၂,၀၀၀ ကျော် ဖမ်းဆီးခံရ

ကိုလံဘို၊ ဇူလိုင် ၁၂ ရက် (ဆင်ဟွာ)
သီရိလင်္ကာနိုင်ငံတွင် ဇူလိုင်လ ၅ ရက်ကတည်းကစ၍ နိုင်ငံတစ်ဝန်း အရက်မူးပြီးကားမောင်းသူများအား ဖမ်းဆီးရန် အထူးစစ်ဆင်ရေးတစ်ခုလုပ်ဆောင်ခဲ့ရာ လွန်ခဲ့သည့် ၇ ရက်အတွင်း ယာဉ်မောင်း ၂,၀၀၀ ကျော် အဖမ်းခံခဲ့ရကြောင်း ရဲတပ်ဖွဲ့က ဇူလိုင်လ ၁၁ ရက်တွင် ထုတ်ပြန်သည့် ကြေညာချက်အရ သိရသည်။
အဆိုပါ အထူးစစ်ဆင်ရေးအား သြဂုတ်လ ၅ ရက်တွင် အဆုံးသတ်မည်ဖြစ်ပြီး နိုင်ငံတစ်ဝန်း ဇူလိုင်လ ၁၁ ရက် မွန်းလွဲပိုင်းအထိ ယာဉ်မောင်း ၂,၀၃၇ ဦး ဖမ်းဆီးခံခဲ့ရကြောင်း သိရသည်။
ဖမ်းဆီးခံရသည့် ယာဉ်မောင်းများမှာ သီရိလင်္ကာငွေရူပီး ၂၅,၀၀၀ (အမေရိကန်ဒေါ်လာ ၁၄၂.၉၄ ခန့်) ဒဏ်ရိုက်ခံရမည်ဖြစ်ပြီး အဆိုပါ ယာဉ်မောင်းများအား ဖမ်းမိသူ ရဲအရာရှိများအား ဆုချီးမြှင့်ခံရမည် ဖြစ်သည်။
သီရိလင်္ကာနိုင်ငံတွင် ၂၀၁၈ ခုနှစ်က ယာဉ်တိုက်မှုကြောင့် လူ ၃,၀၀၀ ကျော် သေဆုံးခဲ့ရကြောင်း သိရသည်။ (Xinhua)