Connect with us

Asia

အဓမ္မပြုကျင့်ခံရသူနှင့် ဆဲလ်ဖီ တွဲရိုက်ခဲ့မှုကြောင့် အိန္ဒိယ အရာရှိ ရာထူးမှ နုတ်ထွက်

အင်တာနက်ပေါ် ပျံ့နှံ့ခဲ့သည့် ဆွမ်ယာ ဂါဂျာ (ယာ) ၊ အဓမ္မပြုကျင့်ခံရသူ (လယ်) နှင့် ဂါဂျာ၏ လုပ်ဖော်ဆောင်ဖက် တစ်ဦး (ဝဲ) တို့၏ ဓာတ်ပုံအား တွေ့ရစဉ် (ဓာတ်ပုံ- အင်တာနက်)

နယူးဒေလီ၊ ဇူလိုင် ၂ ရက် (ဆင်ဟွာ)

အိန္ဒိယနိုင်ငံ အနောက် မြောက်ပိုင်းတွင် အစိုးရအရာရှိ တစ်ဦးနှင့် ၎င်း၏ လုပ်ဖော်ကိုင်ဖက် တစ်ဦးသည် အဓမ္မပြုကျင့်ခံရသူ တစ်ဦးနှင့်အတူ ပြုံးကာ ဆဲလ်ဖီ (Selfie) ဓာတ်ပုံ ရိုက်ခဲ့သည့်အတွက် ထိုအစိုးရ အရာရှိသည် ရာထူးမှ နုတ်ထွက်ခဲ့ ကြောင်း Times of India သတင်းစာ၌ ဖော်ပြထားသည်။

Rajasthan Women’s Commission အဖွဲ့ဝင် တစ်ဦးဖြစ်သူ ဆွမ်ယာ ဂါဂျာ အမည်ရှိသော အစိုးရ အရာရှိသည် အိန္ဒိယ အစိုးရသို့ အမျိုးသမီးရေးရာများ အကြံပေးရသည့် National Commission for Women ထံမှ ဆင့်ခေါ်ခံရပြီးနောက် ဇွန်လ ၃၀ ရက်က ရာထူးမှ နုတ်ထွက်ခဲ့ခြင်း ဖြစ်သည်။
အဓမ္မပြုကျင့်ခံရသူ အသက် ၃၀ နှစ်အရွယ် အမျိုးသမီးအား ကော်မရှင်အဖွဲ့ဝင်များမှ ရဲစခန်း၌ ဇွန်လ ၂၉ ရက်က တွေ့ဆုံခဲ့ပြီးနောက် အဆိုပါ ဓာတ်ပုံ ရိုက်ကူးခဲ့ခြင်း ဖြစ်သည်။

ယင်း ဓာတ်ပုံသည် ဖုန်းမက်ဆေ့ချ် ဝန်ဆောင်မှု ဖြစ်သော WhatsApp မှ တဆင့် ဦးစွာ ပေါ်ထွက်လာခဲ့ပြီး နောက် လူမှုကွန်ရက် မီဒီယာပေါ်သို့ လျင်မြန်စွာ ပျံ့နှံ့သွားကာ အိန္ဒိယတွင် အဓမ္မပြုကျင့်ခံရသူ၏ ရုပ်ပုံ ဖော်ပြခြင်းအား အထူး တားမြစ်ထားခြင်းကြောင့် ပြည်သူများအကြား ယမ်းပုံမီးကျ ဖြစ်စေခဲ့သည်။

အဆိုပါ ဓာတ်ပုံအား အင်တာနက်ပေါ်သို့ မည်သူ တင်သည်ကို ရှင်းလင်းစွာ မသိရသေးပေ။အင်တာနက်ပေါ် ပျံ့နှံ့သွားသည့် ဓာတ်ပုံ၌ ဂါဂျာသည် တက်ဘလက် တစ်လုံးအား ကိုင်ထားပြီး ကော်မရှင် ဥက္ကဋ္ဌ စူမန် ရှာမာက အဓမ္မပြုကျင့်ခံရသူ၏ ညာဘက် လက်မောင်းအား မလျက် လက်ကိုင်ထားသည့် အနေအထား ပုံစံဖြင့် ရိုက်ကူးထားသည်။ အဓမ္မပြုကျင့်ခံရသူ၏ မျက်နှာကိုမူ မှေးမှိန်ထားခဲ့သည်။

အဓ္ဓမပြုကျင့်ခံရသူ၏ ပြောကြားချက်အရ သူမသည် ခန်းဝင် ပစ္စည်းကြေး ရူပီး ၅၁,၀၀၀ (အမေရိကန်ဒေါ်လာ ၇၅၀ ဝန်းကျင်) ပေးရန် သဘောတူထားသည်ကို မပေးနိုင်သည့်အတွက် ၎င်း၏ ခင်ပွန်းနှင့် ခင်ပွန်း၏ တူ နှစ်ယောက်တို့က အုပ်စုဖွဲ့၍ အဓမ္မပြုကျင့်ခဲ့ကြောင်း၊ ၎င်း၏ လက်ဖမိုးနှင့် လက်များပေါ်တွင် ယုတ်ညံ့သော စာသားများအား ဆေးမှင်ကြောင်ထိုးခဲ့ကြောင်း ပြောကြားခဲ့သည်။

ဂါဂျာက အဓမ္မပြုကျင့်ခံရသူအပေါ် စော်ကားလိုစိတ် မရှိဘဲ ၎င်းအား စိတ်သက်သာမှု ရှိရန်အတွက် သူမနှင့် အတူ ဓာတ်ပုံ တွဲရိုက်ခဲ့ခြင်း ဖြစ်ကြောင်း ဆိုသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.