Connect with us

Asia

အာဖဂန်သို့ အလုပ်သမားစေလွှတ်မှု ပိတ်ပင်ထားခြင်းအား နီပေါ ပြန်လည်ခွင့်ပြု

အာဖဂန်နစ္စတန်နိုင်ငံတွင် သေဆုံးခဲ့သည့် နီပေါလုံခြုံရေးအစောင့်များ၏ ရုပ်အလောင်းများအားတွေ့ရစဉ် (ဓါတ်ပုံ-အင်တာနက်)

ခတ္တမန္ဒူ၊ အောက်တိုဘာ ၁၇ ရက် (ဆင်ဟွာ)

နီပေါနိုင်ငံ အစိုးရသည် နီပေါလုံခြုံရေးအစောင့်များ တာလီဘန်တို့၏ တိုက်ခိုက်မှုကြောင့် သေဆုံးခဲ့ပြီးနောက် အာဖဂန်နစ္စတန်နိုင်ငံသို့ နီပေါအလုပ်သမားစေလွှတ်မှုအား လေးလကြာ ပိတ်ပင်ထားရာမှ ယခုအခါ ပြန်လည်ခွင့်ပြုခဲ့ကြောင်း အကြီးတန်းအစိုးရအရာရှိတစ်ဦးကပြောကြားခဲ့သည်။

အာဖဂန်နစ္စတန်နိုင်ငံ ကဘူးလ်မြို့ရှိ ကနေဒါသံရုံးတွင် လုံခြုံရေးအစောင့်များအဖြစ် တာဝန် ထမ်းဆောင်နေသည့် နီပေါနိုင်ငံသား ၁၃ဦးနှင့် အိန္ဒိယနိုင်ငံသား ၂ဦးသည် ဇွန်လ ၂၀ ရက် တွင် တာလီဘန်တို့၏ တိုက်ခိုက်မှုကြောင့် သေဆုံးခဲ့ရာ နီပေါနိုင်ငံသည် ဇွန်လ ၂၃ရက်တွင် အလုပ်သမားစေလွှတ်မှု အား ပိတ်ပင်ခဲ့ခြင်း ဖြစ်သည်။ အဆိုပါ တိုက်ခိုက်မှု ၌ အခြား နီပေါနိုင်ငံသား ၆ဦးလည်း ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

အလုပ်သမား နှင့် အလုပ်အကိုင် ဝန်ကြီးဋ္ဌာန ပြောရေးဆိုခွင့်ရှိသူ Govinda Mani Bhurtel က ပိတ်ပင်မှုအား ပြန်လည်ခွင့်ပြုရန် ယခင်အပတ် ကပြုလုပ်ခဲ့သည့် ဝန်ကြီးများအစည်းအဝေးတွင် ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်း ဆင်ဟွာသို့ အောက်တိုဘာ ၁၆ကပြောကြားခဲ့သည်။

Bhurtel၏ ပြောကြားချက်အရ ပိတ်ပင်ထားမှုအား အချို့သော အခြေအနေမျိုးရှိမှသာလျှင် ခွင့်ပြုပေးခြင်းဖြစ်ပြီး နီပေါအလုပ်သမားများအနေဖြင့် ကုလသမဂ္ဂအဖွဲ့များ နှင့် အခြား သံတမန်အဖွဲ့များ ရှိသည့် စစ်မဲ့ဇုန်အတွင်း ၌သာ အလုပ်လုပ်ကြမည်ဖြစ်ကြောင်း သိရသည်။

Bhurtel က အလုပ်ရှင်များသည် နီပေါအလုပ်သမားများအတွက် လုပ်ငန်းခွင် ပတ်ဝန်းကျင်တွင် နေစရာ စီစဉ်ပေးရမည်ဖြစ်ပြီး အလုပ်ခွင်ပြင်ပသို့ထွက်ခွာရန် လိုအပ်ပါက ကျည်ကာယာဉ်များ၌ လုံခြုံရေးအစောင့်အရှောက်တို့၏ အကာအကွယ်ဖြင့်သာ သွားလာသင့်ကြောင်း ပြောကြားခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.