Asia
အိန္ဒိယနိုင်ငံတွင် ဟိုတယ် မီးလောင်မှုဖြစ်ပွား၊ လူ ၄ ဦးသေဆုံး
နယူးဒေလီ၊ ဇွန် ၁၉ ရက် (ဆင်ဟွာ)
အိန္ဒိယနိုင်ငံ မြောက်ပိုင်း ဥတာပရာဒတ်ရှ်ပြည်နယ်ရှိ ဟိုတယ်တစ်ခုတွင် ဇွန်လ ၁၉ ရက်က မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ရာ အနည်းဆုံး လူ ၄ ဦးသေဆုံးပြီး အခြားသူများစွာ မီးလောင်ဒဏ်ရာရရှိခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။
အဆိုပါ မီးလောင်ကျွမ်းမှုသည် ဥတာပရာဒတ်ရှ်ပြည်နယ် မြို့တော် လပ်ခ်နောင်းမြို့ ရထားဘူတာရုံအနီး Charbagh ရပ်ကွက်၌ ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။
“မီးလောင်ကျွမ်းမှုက ဒီနေ့မနက်ပိုင်းက ဟိုတယ်အတွင်းပိုင်းမှာ မီးလောင်ခဲ့တာပါ။ အဆောက်အဦထဲက လူ ၅၀ ကျော်ကို ဘေးလွတ်ရာကို ရွှေ့ပြောင်းပေးခဲ့ပါတယ်။ ကံမကောင်းစွာနဲ့ပဲ လူလေးယောက်က သေသွားပြီးတော့ အခြားသူများစွာလည်း မီးလောင်ဒဏ်ရာရခဲ့ကြတယ်” ဟု လပ်ခ်နောင်းမြို့ အဆင့်မြင့်ရဲတပ်ဖွဲ့ဝင် S. Pandey က မီဒီယာသို့ ပြောကြားခဲ့သည်။
မျက်မြင်သက်သေများ၏ ပြောကြားချက်အရ မီးသည် ဟိုတယ်၏ မြေအောက်ခန်းမှစတင်လောင်ကျွမ်းခဲ့ခြင်း ဖြစ်ပြီး အဆောက်အအုံ တစ်ခုလုံးသို့ပျံ့နှံ့သွားခဲ့ကြောင်း၊ ထို့ပြင် ဘေးချင်းကပ်လျက်ရှိ ဟိုတယ်သို့လည်း ကူးစက်သွားခဲ့ကြောင်း သိရသည်။
မီးလောင်ကျွမ်းရခြင်း အကြောင်းရင်းအား စုံစမ်းစစ်ဆေးနေဆဲဖြစ်ကြောင်း၊ ကနဦးသတင်းများအရ ဆားကစ်ပြတ်တောက်ခြင်းကြောင့် မီးလောင်ကျွမ်းရခြင်း ဖြစ်နိုင်ကြောင်း သိရသည်။ ရဲတပ်ဖွဲ့က မီးလောင်ကျွမ်းရခြင်း အကြောင်းရင်းအား သေချာစွာ စစ်ဆေးနေဆဲဖြစ်ကြောင်း ပြောခဲ့သည်။ (Xinhua)